လုံးခင်းပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာ ၁ ဦး သေဆုံး

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု  လုံးခင်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ လူနာ အမျိုးသားတဦး ဇန်နဝါရီ ၂၄ ရက် မနက် ၁ နာရီလောက်က သေဆုံးသွားတယ်လို့ လုံးခင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးထွန်းက အတည်ပြုပြောကြားခဲ့ပါတယ်။ သေဆုံးသူဟာ လုံးခင်းကျေးရွာ ရပ်ကွက် (၄) က အသက် ၈၃ နှစ်အရွယ်အမျိုးသား ဖြစ်ပြီး အသက်ရှူကြပ်တဲ့ ဝေဒနာခံစားရတာကြောင့် ဆေးရုံကို ဆေးကုသမှု လာရောက် ခံယူခဲ့တာလို့ လုံးခင်းတိုက်နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ်။   "၂၂ ရက်နေ့က အသက်ရှူကြပ်လို့ ဆေးရုံရောက်လာတယ်။ Swab ယူပြီး မြစ်ကြီးနားပို့ပြီးစစ်တာ Positive ထွက်တယ်။ ညက ၁ နာရီကျော်လောက်မှာ ဆုံးသွားတာ။" ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်မေ့ကလည်း လုံးခင်းကျေးရွာကပဲ အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တဲ့အတွက် ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူနှစ်ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုဟာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အဖြစ် သတ်မှတ်ထားတဲ့ ကျေးရွာအုပ်စုလည်း ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁၆ ဦးရှိတဲ့အနက် လက်ရှိဆေးကုသမှုခံယူနေသူ ၈၉ ဦး ရှိပြီး ကျန်သူတွေကတော့ ကျန်းမာရေး ကောင်းမွန်တာကြောင့် ဆေးရုံ ဆင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၆ နာရီအထိ ကချင်ပြည်နယ်တခုလုံး ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈၈၃ ဦး ရှိပြီလို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။ ဇော်မိုးထက် (ဖားကန့်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up