ရဲ ၁ ဦးနှင့်အချုပ်သား ၁၆ ဦး ကိုဗစ်ပိုးတွေ့သဖြင့် ဟင်္သာတနယ်မြေရဲစခန်းကို lockdown ချ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် နယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အချုပ်သား ၁၆ ဦးမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ ​ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ အချုပ်သားဟာ တလုတ္ထော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အဖမ်းခံထားရသူဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့က ဟင်္သာတနယ်မြေရဲစခန်းကို ရောက်လာတာလို့ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ခင်မောင်ကြည်က DVB ကို ပြောပါတယ်။ “သူက ၂၄ ရက်နေ့က စရောက်တာ၊ ဖျားပြီး အနံ့ပျောက်လို့ စစ်ဆေးတာ ပိုးတွေ့တာ၊ အချုပ်သား ၁၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ပိုးတွေ့ထားပါတယ်။ သူတို့ကိုတော့ ဆေးကုသတာတွေ လုပ်ပေးနေပြီ” လို့ပြောပါတယ်။ ဟင်္သာတနယ်မြေရဲစခန်းမှာ အချုပ်ကျနေတဲ့ အချုပ်သား ၂၁ ဦးရှိတဲ့အထဲ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးချိန်မှာ စုစုပေါင်း ၁၆ ဦးထဲမှာ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်တဲ့ ၅ ယောက်မှာ ပိုးတွေ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဘိုကလေးမြို့မရဲစခန်းမှာလည်း အချုပ်သား ၂၈ ဦးထိ ရောဂါပိုးတွေ့ရှိခဲ့လို့ ပိုးတွေ့တဲ့ အချုပ်သားတွေကို ဆေးကုသပေးနေပြီး အချုပ်ခန်းအသစ် တည်ဆောက်နေရတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တိုင်းအတွင်းက အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေမှာ စုစုပေါင်း ၁၃၇ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိထားတယ်လို့ ဒုတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင်က ပြောဆိုပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up