မော်လမြိုင် အဓိက စျေး ၂ စျေးကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်ဖွင့်ခွင့်ပြုရန် တောင်းဆို

မိသားစုထောင်ချီ စားဝတ်နေရေး အခက်အခဲရှိနေတာကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်ရဲ့ အဓိက စျေး ၂ စျေးကို အစိုးရအနေနဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပေးဖို့ စျေးသူစျေးသားတွေက တောင်းဆိုလိုက်ပါတယ်။ မော်လမြိုင်ရဲ့ အဓိကစျေးတွေဖြစ်တဲ့ အမှတ် (၁) စျေးနဲ့ မြိုင်ရတနာစျေးတွေမှာ စျေးရောင်းချခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကန့်သတ်ထားတာ ဖြစ်ပြီး အခုဆိုရင် အခုဆိုရင် ၄ လ နီးပါးအထိ ရှိလာခဲ့တာပါ။ ဒီစျေး ၂ စျေးမှာ စျေးရောင်းချခွင့် ကန့်သတ်ခံထားရတဲ့ ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော် ရှိနေတာဖြစ်ပြီး သူတို့ကို မှီခိုနေတဲ့ စျေးသူစျေးသား မိသားစုတွေနဲ့ အလုပ်သမား ထောင်ချီ ရှိနေတာပါ။ လက်ရှိမှာတော့ စျေးရောင်းခွင့် ကန့်သတ်ခံထားရလို့ သူတို့အားလုံး စားဝတ်နေရေး အခက်အခဲရှိလာတဲ့အတွက် ကိုဗစ်စည်းကမ်းနဲ့အညီ စျေးရောင်းခွင့် ပြန်ပေးဖို့ စျေးသူစျေးသားတွေက တောင်းဆိုခဲ့ကြတာလို့ မော်လမြိုင် အမှတ် (၁) စျေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးက ပြောပါတယ်။ မော်လမြိုင်ရဲ့ အဓိက စျေး ၂ စျေးမှာ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးရောင်းချတဲ့ ဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်ထားပြီး အဲဒီလိုရောင်းချခွင့်ရတဲ့ ဆိုင်ကလည်း ၁၀၀ ကျော်ကျော်သာ ရှိနေတာပါ။  ဒါကြောင့် သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး အဆင်ပြေရအောင် အစိုးရအနေနဲ့ အမြန်ဆုံး ဖွင့်လှစ်ခွင့် ပြန်ပေးဖို့ စျေးသူစျေးသားတွေက လိုလားနေကြတယ်လို့ အလှကုန်ပစ္စည်းရောင်းသူ ဦးမင်းအောင်က ပြောပါတယ်။ မော်လမြိုင်မြို့ကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ထားတာဖြစ်ပြီး စျေးတွေ ပြန်ဖွင့်ပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ မော်လမြိုင်ရဲ့ အဓိက စျေးတွေ ဖြစ်တဲ့ အမှတ် (၁) စျေးနဲ့ မြိုင်ရတနာစျေးတွေမှာတော့ ရွှေ၊ အဝတ်ထည်နဲ့ အလှကုန်ပစ္စည်းတို့ကို အဓိက ရောင်းချနေတာပါ။ လက်ရှိမှာတော့ စျေးသူစျေးသားတွေက စားဝတ်နေရေး အခက်အခဲရှိလာလို့ စျေးတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ပုံမှန်အတိုင်း ရောင်းခွင့်ပြန်ပေးဖို့ အစိုးရအဖွဲ့ထံ တင်ပြထားတာ ၃ ကြိမ် ရှိသွားပြီး ဖြစ်ပါတယ်။ သတင်း - ဇော်လွင်ထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up