အုတ်ဖိုမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅ ဦး တွေ့ရှိ
DVB
·
December 9, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိတယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ညက ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့က ဓာတ်ခွဲနမူနာ ၁၂၅ ခု ပေးပို့စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ရန်ကုန်ပြန် ၄ ဦးတို့မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လော့ဒေါင်းချထားတဲ့ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေ ရဲစခန်းဝင်းမှာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓာတ်ခွဲနမူနာယူပြီး ပေးပို့စစ်ဆေးရာမှ ရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့အထိ အေးမြသာယာနယ်မြေ ရဲစခန်းဝင်းအတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ အချုပ်သား ၃ ဦးနဲ့ မိသားစုဝင် ၁ ဦးတို့ ရှိပြီလို့ သိရပါတယ်။
အုတ်ဖိုမြို့နယ်မှာ ဒီဇင်ဘာ ၈ ရက်နေ့အထိ အတည်ပြုလူနာ ၁၃၇ ဦးထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၆ ဦးနဲ့ ဆေးကုသပေးနေသူ ၃၁ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်း - သက်နိုင်ဝင်း