DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတိုင်ကြားစာ မရရှိသေးဟု ကော်မရှင်ဥက္ကဋ္ဌပြော
DVB
·
November 17, 2020
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတိုင်ကြားစာ မရရှိသေးဟု ကော်မရှင်ဥက္ကဋ္ဌပြော
Donate to DVB

ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေကို  ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ၄၅ ရက် အတွင်းတိုင်ကြားရမှာဖြစ်ပြီး အခုအချိန်အထိ  တိုင်ကြားစာ တစ်စောင်မှ မရရှိသေးဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။ 

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ကော်မရှင် ဥက္ကဋ္ဌ   ဦးလှသိန်းက“ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကိုတော့ ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက်ပိုင်း ၄၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရမှာဖြစ်ပါတယ်။ ယခု အချိန်အထိတော့ ကျနော်တို့ လက်ဝယ်ကို တိုင်ကြားစာ တစ်စောင်မှ ရရှိခြင်း မရှိသေးပါဘူး။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးလာတဲ့သူ အရေအတွက်က ၃၉ သန်းကျော်ရှိတယ်လို့ ပြောဆိုချက်တွေဟာလည်း မှန်ကန်မှုမရှိဘူးလို့  ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ရှင်းလင်း ပြောပါတယ်။ 

ရွေးကောက်ပွဲရလဒ် ကြေညာနေစဉ်မှာပဲ သတင်းအမှားတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအမှားကတော့ မဲဆန္ဒရှင်စာရင်းမှာ ၃၇ သန်း ကျော်ပဲရှိတယ်။ မဲပေးလာတဲ့ အရေအတွက်က ၃၉ သန်းကျော်ဆိုပြီး တက်လာ ပါတယ်။ ဒါက သတင်းမှားပါ။ တကယ့်သတင်းအမှန်ကတော့ မဲဆန္ဒရှင်စာရင်း အရေအတွက်က ၃၈ သန်းပဲရှိပါတယ်။ မဲလာပေးတဲ့ မဲဆန္ဒရှင်က ၂၇ သန်း ဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းကျော်ပါတယ်။”လို့  ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

မြန်မာရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၄၆ သန်း အကူအညီပေးတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

“ဒီဟာက အမေရိကန်သံရုံးရဲ့ ပြောဆိုမှုကို အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာပါ။ တကယ်တော့ အမေရိကန်သံရုံးကပြောတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၄၆ သန်း အကူအညီပေးတယ်လို့ ပြောတာပါ။ ကျနော်တို့ကို ဒေါ်လာ ၄၆ သန်း ပေးတယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့က ဒေါ်လာ ၄၆ သန်း ပေးတယ်ဆိုတာက ကျနော်တို့ကိုဝယ်ပေးတဲ့ စက်ပစ္စည်းဖိုးတွေ၊ သင်တန်း တွေအတွက် စရိတ်တွေကို ဒီအထဲက ကျခံတာကိုပြောတာပါ။ ငွေသားအနေနဲ့ ကျနော်တို့ကို တစ်ဒေါ်လာမှ မပေးပါဘူး။ အဲဒါကို တချို့ပုဂ္ဂိုလ်တွေက ဒေါ်လာ ၄၆ သန်းစလုံးကို ကျနော်တို့ ရရှိတယ်လို့ ထင်မြင်ချက်ပေးတာပါ။ ငွေသားအနေနဲ့ တစ်ဒေါ်လာမှ မရပါဘူး။” လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ   ဦးလှသိန်းက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ကော်မရှင်က နိုဝင်ဘာ ၁၅ ရက်မှာ အပြီးသတ်ကြေညာခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ၃၁၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၆၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၁၂ ဦး၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၂၉ ဦး  စုစုပေါင်း ကိုယ်စားလှယ်  ၁,၁၁၇ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ 

ဓာတ်ပုံ- Myanmaalinn

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013