Homeမြန်မာသတင်း
ပုသိမ်တွင် ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ် ၁ ဦး ကိုယ်ပိုင်တံဆိပ်တုံးဖြင့် ကြိုတင်မဲလာပေး
ပုသိမ်တွင် ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ် ၁ ဦး ကိုယ်ပိုင်တံဆိပ်တုံးဖြင့် ကြိုတင်မဲလာပေး
DVB
·
November 3, 2020

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ အောက်တိုဘာလ ၃၁ ရက်နေ့က UEC ကော်မရှင်အမှတ်တံဆိပ်မပါတဲ့ ကိုယ်ပိုင်တံဆိပ်တုံးနဲ့ ကြိုတင်မဲလာပေးမှုဖြစ်ပွားခဲ့ပါတယ်။
ညနေပိုင်း ကြိုတင်မဲ ရပ်ကွက်ထဲ လိုက်လံကောက်ခံချိန်မှာ ကြံ့ခိုင်ရေးပါတီရဲ့ မဲရုံ ကိုယ်စားလှယ် ၁ ဦးဟာ ကော်မရှင်တံဆိပ်မပါတဲ့ တံဆိပ်တုံးကိုယူလာပြီး ကြိုတင်မဲပေးခဲ့လို့ ကော်မရှင် အဆင့်ဆင့်ကို တင်ပြထားတယ်လို့ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။
“ရပ်ကွက်ထဲက မဲရုံ အမှတ်-၁ နယ်မြေအတွင်းမှာ ကြိုတင်မဲတွေ လိုက်ယူနေတုန်းအချိန်မှာ အဲဒီလူက သူအမျိုးသမီးနဲ့ ရောက်လာတာ ကြိုတင်မဲပေးဖို့ သူ့အမျိုးသမီးက ကျန်းမာရေးကြောင့် လက်တုန်နေတော့ သူက ပေးပေးတာ၊ ပေးတဲ့အချိန်မှာ ကော်မရှင်က ထုတ်ပေးတဲ့ တံဆိပ်တုံးကို မသုံးဘဲ သူ့မှာပါလာတဲ့ တံဆိပ်တုံးကို အသုံး ပြုသွားတာပါ” လို့ပြောပါတယ်။
သူ့ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲပေးနေတာကို မြင်လို့ ကော်မရှင်တာဝန်ရှိသူတွေက ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲပေးလို့ မရဘူးပြောချိန်မှာ ကော်မရှင်တံဆိပ်တုံးမှာ မထင်လို့ ခုလိုပေးတာ ဖြစ်ပြီး ပယ်မဲအဖြစ် သတ်မှတ်လို့လည်း ရတယ်လို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ကော်မရှင်တံဆိပ်မပါတဲ့ တံဆိပ်တုံးနဲ့ မဲပေးခဲ့မှုအပေါ် ရပ်ကွက်ကော်မရှင်ကို ထုချေလွှာတောင်းထားတယ်လို့ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးငွေစိုးက ပြောပါတယ်။
ကော်မရှင်တံဆိပ်မပါတဲ့ တံဆိပ်တုံးနဲ့ မဲပေးမှု ဖြစ်ပေါ်ခဲ့တဲ့ အမှတ်-၄ ရပ်ကွက်မှာ မဲရုံ ၃-ရုံရှိပြီး မဲရုံ အမှတ်-၁ မှာ မဲပေးနိုင်သူ ၂၀၈၆ ဦးရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။