တပ်သိမ်းလယ်မြေ ဧက ၄၀၀ ကျော် ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် ကာချုပ်ထံ တိုင်ကြား

အမှတ် (၈၁) ခြေလျင်တပ်ရင်းက ပိုလျှံလယ်မြေတွေနဲ့ မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ တပ်ပြင်ပလယ်မြေ ဧက ၄၀၀ ကျော်ကို မူလပိုင်ရှင်တွေကို ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့နဲ့ နယ်နိမိတ် သတ်မှတ်ပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။  မော်လမြိုင်-အိန္ဒု ကားလမ်းဘေး ကော့ကျိုက်ကျေးရွာအနီး အမှတ် (၈၁)‌ ခြေလျင်တပ်ရင်းက ၁၉၉၉ ခုနှစ်က တပ်တည်ဆောက်ရေးအတွက် ဒေသခံလယ်သမားတွေရဲ့ လယ်မြေ ဧက ၄၀၀ ကျော်ကို သိမ်းဆည်းခဲ့တာပါ။ အကြိမ်ကြိမ် တင်ပြတိုင်ကြားခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်က တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပေမယ့် ဒီကနေ့အထိ မူလလယ်သမားတွေ လုပ်ပိုင်ခွင့် မရရှိသေးပါဘူး။ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ပြန်လည်တောင်းဆိုတဲ့ လယ်သမားတွေကို လက်နက်ပြ ခြိမ်းခြောက်တာတွေ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတာတွေရှိတယ်လို့ လယ်သမားတွေက ဆိုပါတယ်။  ဘားအံမြို့နယ်၊ ဇာသပြင်(ကော့ကျိုက်)ကျေးရွာ၊ ဦးမိုးကားက “နိုင်ငံတော်က သိမ်းမယ်ဆို နစ်နာကြေးမယူတော့ဘူး။ ကျနော် အလကားပေးမယ်။ သူတို့က ခဏခဏလာတယ်။ သေနတ်ထောက်လိုက်၊ ပစ်လိုက်၊ ခြိမ်းခြောက်ပြီးတော့ အတင်းလက်မှတ်ထိုးခိုင်းတယ်”လို့ ပြောပါတယ်။ ပုံစံ-၇ ထွက်ရှိပြီး လယ်မြေပေါ် တပ်နယ်နိမိတ် ကျောက်တိုင်စိုက်ထူတာတွေ ခြံစည်းရိုး ကာရံတာတွေ ပြုလုပ်လာတဲ့အတွက် နှစ်ဘက် အငြင်းပွားတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြေစာရင်းဌာနက တာဝန်ယူ ဖြေရှင်းတာမရှိဘူးလို့ လယ်သမားတွေက ဆိုပါတယ်။ အမှတ် (၈၁) ခြေလျင်တပ်ရင်း၊ တာဝန်ရှိအရာရှိတစ်ဦးက “တပ်က ဘာမှ မဆိုင်ဘူး။ တပ်က နယ်မြေသတ်မှတ်ထားပြီးသား။ တပ်က ကျူးကျော်တာ မဟုတ်ဘူး။ မူလ တပ်နယ်နိမိတ်ကို  သတ်မှတ်တာ။ မြေစာရင်းက တာဝန်ရှိတယ်။ တခါလည်း သတ်မှတ်ပြီးပြီ”လို့ ပြောပါတယ်။ လယ်မြေတွေကို တပ်မတော်က သိမ်းဆည်းပြီး မြေငှားစားတာတွေ၊ နှစ်ရှည် မြေငှားရမ်း ချထားပေးတာတွေ ရှိသလို ကျန်လယ်မြေတွေကို စိုက်ပျိုးလုပ်ကိုင်တာမရှိဘူးလို့ နစ်နာတဲ့ လယ်သမားတစ်ဦးက ဆိုပါတယ်။  ဘားအံမြို့နယ်၊ ဇာသပြင်(ကော့ကျိုက်)ကျေးရွာနေသူ ဦးစိုးဝင်းက “သူတို့ ဘာမှလုပ်တာ မဟုတ်ဘူး။ ငှားစားဖို့ပဲ။ အုတ်ဖိုသမား၊ ရော်ဘာခြံသမားတို့ တခုခု ငှားစားဖို့လုပ်တာ။ သူတို့အနေနဲ့ ဘာမှ မလုပ်ထားဘူး။ ဒီအတိုင်းပဲ ပစ်ထားတယ်။ ကျနော်တို့ လယ်မြေတွေပဲ လိုချင်တယ်။ ကျန်တာ ဘာမှ မလိုချင်ဘူး” လို့ ပြောပါတယ်။  မိသားစုဝမ်းရေးအတွက် အဓိကလုပ်ကိုင်နေတဲ့ လယ်မြေတွေကို အမှတ် (၈၁)‌ ခြေလျင်တပ်ရင်းက သိမ်းဆည်းခဲ့လို့ လုပ်ကိုင်စားသောက်ဖို့ လယ်မြေတွေ မရှိတော့တဲ့အတွက်  စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။  ရဲမင်းခေါင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up