Home
မြန်မာသတင်း
လပွတ္တာမြို့တွင် စည်ပင် အမှိုက်ကန်ပြုလုပ်နေသည့်နေရာအား ဒေသခံအချို့ ကန့်ကွက်
DVB
·
August 30, 2020
လပွတ္တာမြို့နယ်၊ စည်ပင်သာယာမှာ ပြုလုပ်မယ့် အမှိုက်ပုံတဲ့နေရာနဲ့ပတ်သက်ပြီး တောင်သူတွေနဲ့ ဒေသခံတချို့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ လပွတ္တာမြို့နယ် အမှတ် (၇) ၇ပ်ကွက်မှ တောင်သူဦးမြဝင်းက “ကျနော်တို့ လပွတ္တာမြို့က ရေငံဒေသ ဖြစ်နေတယ်။ ကျနော်တို့က ရေချိုတမံကြီးကို သုံးပြီး သီးနှံစိုက်ခင်း လယ်ယာမြေတွေကို အလုပ်လုပ်ရပါတယ်။ လယ်ယာမြေတွေလုပ်တဲ့နေရာမှာ ဒီနေရာနီးနီးလေးမှာ အမှိုက်ကန် လာလုပ်တာ လက်ခံလို့မရဘူး။ အမှိုက်ကန်က တနေ့ကို ၆ တန်နှုန်းလောက် အမှိုက်ပုံမယ်လို့ ပြောတယ်။ တလမှာ တကြိမ်ဖို့မယ်လို့ ပြောတဲ့အတွက် အမှိုက်တွေ လွင့်မှာရယ်၊ ကြွက်တွေ ခိုအောင်းမှာရယ်ကြောင့် ကျနော်တို့ ဒီလယ်ယာမြေတွေက အကုန်ပျက်စီး ဆုံးရှုံးသွားနိုင်ပါတယ်”လို့  ပြောပါတယ်။ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “လပွတ္တာမြို့နယ်မှာ အမှိုက်ပုံပြုလုပ်ဖို့အတွက် အမှတ် ၇ ရပ်ကွက်တွင်းရှိ မြေ ၆ ဧကကျော် ကန်တူးပြီး အမှိုက်များ စနစ်တကျပုံမှာ ဖြစ်ပါတယ်။ အမှိုက်ကန်ကကျတဲ့ ရေတွေကို ရေဆိုးစုကန်ထဲ ထည့်သွင်းပြီး ရေဆိုးတွေကို သန့်စင်ကာ သန့်ရှင်းတဲ့ရေအဖြစ် မြစ်တွေ၊ ချောင်းတွေထဲကို စီးဆင်းဖို့ လုပ်ဆောင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်မှ တောင်သူဦးဝင်းနိုင်က “ဂျပန်နည်းစနစ်နဲ့လုပ်မယ်လို့ ပြောပေမဲ့ ကျနော်တို့ တောင်သူတွေက အဲဒါတွေ နားမလည်ဘူး။ ဒီနေရာမှာရှိတဲ့ကန်တွေ ပျက်သွားမှာရယ်၊ ဒီနေရာမှာ ပုံလိုက်တဲ့ အမှိုက်တွေရယ်၊ ဆိုးကျိုးတွေရယ် တောင်သူလယ်သမားနဲ့ ပြည်သူအားလုံးကို ထိခိုက်နိုင်တဲ့အတွက်ကြောင်း ဒီနေရာမှာ မလုပ်သင့်ဘူးဆိုတာ တင်ပြဖို့ရှိပါတယ်” လို့  DVB ကို ပြောပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အမှိုက်ကန်နှင့် သဲဖြူရေလှောင်တမံဟာ နီးကပ်နေပြီး အဲဒီအမှိုက်ကန်က ထွက်ရှိလာမယ့် ရေဆိုး၊ အနံ့ဆိုးတွေ ရေလှောင်တမံအတွင်း စီးဝင်မှာကို ဒေသခံတွေက စိုးရိမ်နေတာပါ။ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က “ပြည်သူက လုပ်ငန်းစဉ်ကို မသိလို့ စိုးရိမ်တဲ့အပိုင်းလည်း ဖြစ်ပါလိမ့်မယ်။ စိုးရိမ်မှုတွေကို စည်ပင်သာယာက ဖြေရှင်းပေးဖို့ အမြဲ အဆင်သင့်ရှိပါတယ်” လို့ ပြောပါတယ်။ လပွတ္တာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်မှာ စည်ပင်သာယာက ပြုလုပ်နေတဲ့ အမှိုက်ကန်နဲ့ပတ်သက်ပြီး ဒေသခံ ၂၀၀ ကျော်လောက်က နိုင်ငံတော်သမ္မတကို တင်ပြ တိုင်ကြားထားတယ်လို့ သိရှိရပါတယ်။ လပွတ္တာမြို့နယ်မှာ တရားဝင်အသုံးပြုတဲ့ အမှိုက်ကွင်းမရှိဘဲ အခု လုပ်ဆောင်မယ့် အမှိုက်ကွင်းကို Salutary landfill method နဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ စည်ပင်သာယာ ပိုင်ဆိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024