Live
Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်က သေဆုံးသွားသည့် စောင့်ကြည့်လူနာနှင့် ဆက်စပ်သူများတွင် ရောဂါပိုးမတွေ့
Aung Ko Latt
·
June 22, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က သေဆုံးသွားတဲ့ စောင့်ကြည့်လူနာနဲ့ ဆက်စပ်သူတွေကို ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ သိရပါတယ်။ ထီးချိုင့်မြို့ ခုတင် ၅၀ ဆေးရုံမှာ ကိုဗစ်ရောဂါလက္ခဏာတွေကြောင့် ဆေးကုသမှုခံယူနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဇွန် ၁၉ ရက်နေ့ မနက်ပိုင်းက သေဆုံးခဲ့ပါတယ်။  သေဆုံးသူက ခရီးသွားရာဇဝင်မရှိသလို ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံဖူးတာလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။  ဒါပေမဲ့ သေဆုံးသူအပါအဝင် ဆက်စပ်သူ ၆ ဦးကို နှာခေါင်း၊ အာခေါင်တို့ဖတ်တွေ ရယူပြီး စစ်ဆေးရာမှာတော့ ဇွန်လ ၂၁ ရက်နေ့မှာ ရရှိတဲ့အဖြေတွေအရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက “ဒီနေ့ပဲ အဖြေရပါတယ်။ သေဆုံးသူတင်မက သူနဲ့ဆက်စပ်သူအားလုံးမှာလည်း ပိုးမတွေ့ရပါဘူး” လို့ ပြောပါတယ်။ သေဆုံးသူက ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ကျီးကန်းဒေါင့်ရွာက အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး မသေဆုံးခင်က အပူချိန် ၁၀၃ ဒီဂရီထိ ရှိခဲ့ပြီး အသက်ရှူကြပ်ကာ  ချောင်းဆိုးလက္ခဏာတွေလည်း အနည်းငယ် ရှိတဲ့အတွက် ဇွန်လ ၁၆ ရက်နေ့က ညောင်ပင်သာ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာပါ။  အဲဒီကနေ မသက်သာတဲ့အတွက် ထီးချိုင့်မြို့ ဆေးရုံ၊ အဲဒီကနေ ခုတင် ၅၀ ဆံ့ ဆေးရုံသစ်မှာ သီးသန့်စောင့်ကြပ်ကြည့်ရှုပြီး မန္တလေး ဓာတ်ခွဲခန်းကို ဓာတ်ခွဲနမူနာ ပို့ဆောင်ထားဆဲမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ ထီးချိုင့်မြို့နယ်မှာ Quarantine ဌာန ၁၀ ခုကျော်ရှိနေပါသေးတယ်။ အဓိကကတော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပြန်လာသူတွေကို သီးသန့် ၂၁ ရက်ထားရှိနေတာပါ။ Quarantine ဝင်နေသူ ၅၀ ကျော်ရဲ့ ဓာတ်ခွဲအဖြေတွေမှာလည်း ရောဂါပိုးမတွေ့ရဘူးလို့ သိရပါတယ်။  ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့အတွက်တော့ ထပ်မံအသိပေးတာတွေပြုလုပ်နေပြီး ကောလာဟလသတင်းတွေ မယုံကြည်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင် ဆောင်ရွက်ကြဖို့ လှုံ့ဆော်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024