Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အရေးယူပေးရန် ပခုက္ကူရဲစခန်း၌ ဒေသခံ ၁ ဦးတိုင်ကြား
ပိုင်စိုး
·
May 26, 2020
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အရေးယူပေးဖို့ ပခုက္ကူဒေသခံ ကိုသာထက်အောင်က  ဒီကနေ့ ပခုက္ကူမြို့မရဲစခန်းမှူးဆီမှာတိုင်ကြားပြီး  အမှုဖွင့်ဖို့ကြိုးစားခဲ့ရာမှာ ရဲစခန်းက အမှုဖွင့်မပေးဘဲ  ပယ်ချလိုက်ပါတယ်။ မေ ၂၄ ရက်မနက်က ရန်ကုန် ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြီး ရှင်ဥပ္ပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲကိုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေကိုချိုးဖောက်မှုနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို လိုအပ်သလို အရေးယူပေးဖို့ဆိုပြီး တိုင်ကြားခဲ့တာပါ။ “ဒါကို ရဲအရေးမပိုင်ဘူးလို့ ပြောတယ်။ ဒါကြောင့် သူတို့က စာရေးပေးလိုက်မယ်။ တရားရုံးကို ဦးတိုက်လျှောက်ပါလို့ ပြောတယ်။ ကျနော်က ဒီလိုမလုပ်ချင်ဘူးဆိုတော့ တိုင်ကြားတယ်ဆို တဲ့နေရာမှာ အသိပေးအကြောင်းကြားတယ်ဆိုရင်တော့ သူတို့ အထက်ကို တင်ပြပေးမယ်လို့ ပြောတယ်။ ကျနော်ပြင်ပေးလိုက်တော့ တိုင်းကို ဆက်ပို့ပေးတာကို တွေ့ရပါတယ်” လို့ ကိုသာထက်အောင်က ပြောပါတယ်။ သူ့အနေနဲ့ တာဝန်ရှိသူတွေ သိရှိစေဖို့ ကြိုးစားတာဖြစ်လို့ တရားရုံးကို ဦးတိုက်လျှောက်တာ မလုပ်ဘဲ အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ “ကျနော်က Information ပေးရုံ သက်သက်ပါပဲ။ ကျနော့်အနေနဲ့ ဗဟိုကော်မတီကို တင်ပြရင်လည်း စာက ရောက်ချင်မှ ရောက်မှာလေ။ ဒီလိုလုပ်ရင်တော့ ရောက်နိုင်တယ်ထင်လို့ လုပ်တာပါ” လို့ ပြောပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀ မှာတော့ ဒီဥပဒေပါ ပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေလို့ သတ်မှတ်ပြီး ပြစ်မှုတရပ်ရပ်ကို ကျူးလွန်ရင် သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ပဲ တရားစွဲဆိုရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဗိုလ်တထောင်ဘုရားဝင်းထဲမှာရှိတဲ့ အစ်မတော်မြနန်းနွယ် ယာယီနန်းဆောင်ရွှေ့ပြောင်းတာ ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဦးဖြိုးမင်းသိန်းကတော့  ပွဲတော်ကျင်းပခဲ့ခြင်းမရှိသလို့ သူတို့အနေနဲ့ ဥပဒေမဲ့ ဆောင်ရွက်ခဲ့တာ လုံးဝ မရှိဘူးလို့ ဒီဗွီဘီကို ပြောထားပါတယ်။  ကိုဗစ်-၁၉ ရောဂါပျံ့နှံ့တာကို ဆက်လက်ထိန်းချုပ်ဖို့လိုတာကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက မေ ၁၅ ရက်အထိ ထုတ်ပြန်ခဲ့တဲ့ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ဖြေလျှော့ပေးဖို့ လမ်းညွှန်ထားတာတွေမပါဘဲ အမိန့်ညွှန်ကြားချက်တွေကို မေ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ဗိုလ်တထောင်မြို့နယ်အပါအဝင် မြို့နယ် ၅ ခုမှာ နေထိုင်သူတွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လူ ၅ ယောက်နဲ့ ၅ ယောက်ထက်ပိုပြီး မစုဝေးဖို့၊ ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေ မလုပ်ကြဖို့ မေ ၁၅ ရက်နေ့က ပန်ကြားစာတစောင်ထုတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024