ကာချုပ်ညွှန်ကြားချက်အရ တပ်မတော်အတွင်း ယဉ်ကျေးလိမ္မာသင်တန်းများ စတင်ဖွင့်လှစ်
DVB
·
May 26, 2020

နေပြည်တော်တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်နယ်မြေ အသီးသီးမှာ ကျောင်းသူကျောင်းသားတွေကို စာဖတ်ဝိုင်းတွေ၊ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနဲ့ ကွန်ပျူတာသင်တန်းတွေ စတင်ဖွင့်လှစ် သင်ကြားပေးနေပြီလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်မှာကြားချက်နဲ့ အညီ လုပ်ဆောင်တာဖြစ်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ လက်အောက်ခံ တပ်နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၃၀၆၉ ဦးကို ယဉ်ကျေးလိမ္မာနဲ့ အတန်းလိုက်သင်ခန်းစာတွေ ပြန်လည်ဖတ်ရှုလေ့လာတဲ့ စာဖတ်ဝိုင်းတွေကို မေ ၂၃ ရက်မှစပြီး ဇွန် ၅ ရက်အထိ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာတော့ ကျောင်းသား၊ ကျောင်းသူ ၆၀၇၁ ဦးတို့ကို ယဉ်ကျေးလိမ္မာ၊ အခြေခံအင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံသင်ခန်းတွေကို မေ ၂၅ ရက်က စ သင်ကြားပေးနေသလို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာလည်း ကျောင်းသား၊ ကျောင်းသူတွေကို ယဉ်ကျေးလိမ္မာသင်ခန်းစာတွေ မေ ၂၅ ရက်မှ ဇွန် ၆ ရက်အထိသင်ကြားပေးနေတယ်လို့ သိရပါတယ်။
သင်တန်းတွေပို့ချရာမှာ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို တစ်စုနှုန်းနဲ့ စုဖွဲ့ပြီး တပ်တွင်းရှိ အရာရှိ၊ စစ်သည်၊ ဇနီးတွေ၊ မဟာဘွဲ့ရ အရာရှိတွေနဲ့ သံဃာတော်တွေနဲ့ ဆရာ၊ ဆရာမတွေက သင်ကြားပေးနေတာလို့ သိရပါတယ်။
ခုလိုလုပ်ဆောင်ဖို့ မေလ ၂၁ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာမှုကန့်သတ်ချက်များရှိနေချိန်၊ ကျောင်းတွေပြန်မဖွင့်ခင် တပ်တွင်းရှိ မှီခို ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားခဲ့တဲ့ အတန်းအလိုက် သင်ခန်းစာတွေကို ပြန်လည်ဖတ်ရှုလေ့လာကြဖို့ စီစဉ်ပေးရမှာ ဖြစ်ကြောင်းနဲ့ တစ်ရက်ကို ၂ နာရီလောက် ၁၀ ယောက်စုနှုန်းနဲ့ စာဖတ်ဝိုင်းတွေ ဆောင်ရွက်ပေးဖို့၊ လောကနီတိ အခြေခံဖြစ်တဲ့ ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာတွေ သင်ကြားပေးခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချဖို့ ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ- CINCDS