Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း COVID-19 ချေးငွေ လျှောက်ထားသူ ၂၀၀ ခန့်ရှိ
DVB
·
May 7, 2020
မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ချေးငွေ လျှောက်ထားသူ ၂၀၀ လောက်ရှိပြီး စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေး စစ်ဆေးတာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကာလမှာ တိုင်းနဲ့ပြည်နယ်တွေက SME လုပ်ငန်းတွေအတွက် ကျပ် ၁၀၀ ဘီလီယံမတည်ထားပြီး ၁ နှစ်ကို အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေထုတ်ပေးသွားမယ်လို့ မကွေးတိုင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောပါတယ်။ “ချေးငွေနဲ့ပတ်သက်လို့ SME မန်ဘာကတ် မရှိသူတွေကိုပါ ချေးပေးသွားမှာပါ။ မန်ဘာကတ် ပြုလုပ်တာကတော့ နည်းပညာအခွင့်ရေးတွေ ပြန်လည်မျှဝေတဲ့နေရာမှာ ဆက်သွယ်ရ လွယ်ကူပြီး လုပ်ငန်းအတွက် လိုအပ်ချက်တွေကို သိရှိနိုင်ပါတယ်။ မကွေးတိုင်းအတွင်းမှာတော့ COVID-19 ချေးငွေ လျှောက်ထားသူ ၂၀၀ ဦးခန့်ရှိပါတယ်။ SME လုပ်ငန်းဆိုတာကတော့ ကုန်ပစ္စည်းတွေ စားသုံးသူ လက်ထဲရောက်တဲ့ထိ ထုတ်လုပ်ရောင်းချသူ အားလုံးနဲ့ သက်ဆိုင်တယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ မကွေးမြို့ စက်မှုလုပ်ငန်းရှင် ကိုအောင်ကိုလင်းက "SME နဲ့ပတ်သက်လို့ သူတို့ သက်မှတ်ထားတဲ့ အချက်လက်ကိုက်ညီရင် အဆင်ပြေပြီး သတ်မှတ်ချက်မကိုက်ညီရင် အဆင်မပြေတာတွေရှိပါတယ်။ အရှုံးမြတ်ရှင်းတမ်း၊ လုပ်ငန်းလိုင်စင်၊ စည်ပင်လိုင်စင်၊ စက်မှုလိုင်စင်၊ လူမှုဖူလုံကတ် စတဲ့ စာရွက်စာတမ်းတွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့ တိုင်းပြည်ရဲ့စီးပွားရေး အခြေအနေအရာ နိုင်ငံတကာနဲ့ယှည်ရင်တော့ အားနည်းချက်တွေရှိပါတယ်။ ဘဏ်ချေးငွေနဲ့ ပတ်သက်လို့လည်း တဘဏ်ကနေတဘဏ်လှည့်ချေးပြီး ပြန်မဆပ်တာတွေ ရှိနေတော့ SME လုပ်ငန်းရှင်တွေအပေါ်မှာ ယုံကြည်မှု လျော့နည်းနေပါတယ်” လို့ ပြောပါတယ်။ မကွေးတိုင်းအတွင်းမှာ စက်မှုမှတ်ပုံတင်ထားတဲ့ စက်ရုံ အလုပ်ရုံ ၄၀၀၀ နီးပါရှိပြီး စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးဌာနနဲ့ တာဝန်ရှိသူတွေက ကျန်းမာရေး စစ်ဆေးပေးနေပြီး စစ်ဆေးချက်တွေအရ လူစုလူဝေး မတွေ့ရဘဲ တဦးနဲ့‌တဦး ၆ ပေကွာခြားပြီး လုပ်ဆောင်ကြတာ တွေ့ရတယ်လို့ ဒေါ်မြင့်မြင့်သိန်းက ပြောပါတယ်။ မကွေးမြို့ အထည်ချုပ်စက်ရုံတခုရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်အေးမြတ်မွန်က "သင်္ကြန်ကာလ ပိတ်ရက်ရှည်အတွင်းမှာ COVID-19 ရောဂါနဲ့ပတ်သက်လို့ကြိုတင်ပြင်ဆင်ပြီး Stay Home နေနိုင်သူကို သဘောထားတောင်ခံရာမှာ တဝက်ခန့်ရရှိပါတယ်။ ပြန်စစချင်းမှာပဲ တိုင်းအစိုးရက စက်ရုံအလုပ်ရုံတွေ ပိတ်ပေးဖို့အတွက် ပန်ကြားလာလို့ ခေတ္တ ရပ်နားထားရပါတယ်။ လက်ရှိအချိန်မှာတော့ ကျန်မာရေးဌာနနဲ့ တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုကိုခံယူပြီး COVID-19 ရောဂါကာကွယ်ရေး အစီမံတွေနဲ့ လုပ်ငန်းပြန်စခွင့်ရနေပါပြီ” လို့ ပြောပါတယ်။ စက်ရုံအလုပ်ရုံ ၂၀၀ ကျော်ကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုထားတယ်လို့ မကွေးတိုင်း အစိုးရအဖွဲ့ကနေ သိရပါတယ်။ မကွေးတိုင်းအတွင်းမှာ COVID-19 ရောဂါကြောင့် SME လုပ်ငန်းနဲ့ အကျုံးဝင်သူ ၁ သိန်းလောက်ရှိပြီး အဲဒီလုပ်ငန်းတွေကို မှီခိုနေသူတွေလည်း အခက်ခဲကြုံတွေနေရတယ်လို့ သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024