Home
မြန်မာသတင်း
တရုတ်နိုင်ငံဘက် မြန်မာယာဉ်မောင်းများ တိုက်ရိုက်မောင်းဝင်သည့်စနစ် ဖျက်သိမ်း
ခွန်ဇော်ဦး
·
April 20, 2020
COVID-19 ကပ်ရောဂါအခြေအနေကြောင့် မြန်မာယာဉ်မောင်းတွေကို တရုတ်နိုင်ငံဘက် တိုက်ရိုက်မောင်းဝင်တဲ့စနစ်အစား တရုတ် ယာဉ်မောင်းနဲ့ အစားထိုးမောင်းနှင်တဲ့စနစ်ကိုသာ ကျင့်သုံးသွားမယ်လို့ မူဆယ် (၁၀၅) မိုင်၊ သစ်သီးဝလံကုန်စည်ဒိုင်က ဧပြီ ၂၀ ရက်နေ့က ကြေညာခဲ့တာကြောင့် မြန်မာယာဉ်မောင်းတွေ မကျေမနပ် ဖြစ်နေပါတယ်။ ယာဉ်မောင်းတဦးက အုံနာတယောက်က ဘယ်လောက်ဒုက္ခရောက်လဲ၊ ကားပျက်ရင် ဘယ်သူ တာဝန်ယူမှာလဲ၊ ဟိုထဲမှာ ဒီအတိုင်း ထားခဲ့ရတယ်။ ကားထိခိုက်မိရင် ဘယ်သူ တာဝန်ယူမှာလဲ လို့ ပြောပါတယ်။ ဧပြီလဆန်းပိုင်းက အစားထိုးမောင်းနှင်တဲ့စနစ်ကို တရုတ် ကျင့်သုံးခဲ့ပြီး အဲဒီလို မောင်းနှင်ရာမှာ တရုတ်ယာဉ်မောင်းတွေရဲ့ ကျွင်းကျင်မှုရှိတာကြောင့် မြန်မာပြည်ဘက်က ကားအများစု ပျက်စီးတာတွေ ရှိခဲ့တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေ ညှိနှိုင်းလိုက်တာကြောင့် ဧပြီ ၁၄ ရက်နေ့က ယာဉ်မောင်းတဦးကိုသာ ဝင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလိုဝင်ခွင့်ပြုရာမှာလည်း ယာဉ်မောင်းကို ကားပေါ်မှာပဲ နေထိုင်ခိုင်းပြီး ကားတံခါးကို တရုတ်တံဆိပ်တုံးစာရွက်ကို ကပ်ပြီး ချိပ်ပိတ်သလို ပိတ်ပေးခဲ့တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ တရုတ်ဘက်မှာ အသီးရောင်းရဖို့ နှစ်ရက်၊ သုံးရက် စောင့်ရတာကြောင့် ကားဆရာတွေမှာ အပေါ့အလေးသွားဖို့ ခက်ခဲတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ကားတံခါးမှာ ကပ်ထားတဲ့ စာရွက်ပြဲရင်ဖြစ်ဖြစ် ကားပေါ်က ဆင်းတာတွေ့ရင်ဖြစ်ဖြစ် အဲဒီကားနဲ့ ယာဉ်မောင်းကို တရုတ်ဘက်က ပေးမဝင်တော့ဘူးလို့ သိရပါတယ်။ အခုကြေညာချက်ဟာ ဒုတိယအကြိမ် မြန်မာယာဉ်မောင်းတွေကို တရုတ်ဘက်ထဲ ပေးမဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ထောင်နဲ့ချီတဲ့ သစ်သီဝလံကုန်စည်ယာဉ်တွေဟာ တရုတ်ဘက် ဝင်ဖို့ မူဆယ် (၁၀၅) မိုင်နဲ့ ကျင်စန်းကျော့ဂိတ်မှာ တန်းစီစောင့်ဆိုင်းနေတာ ၆ ညအိပ် ၇ ရက်ကြာမြင့်နေပြီ ဖြစ်တာကြောင့် ဖရဲ၊ သခွား ကားတွေ အသီးတွေ ပျက်စီးမယ့် အခြေအနေ ရှိနေပြီလို့ ယာဉ်မောင်းတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024