Live
Home
မြန်မာသတင်း
COVID-19 ကာကွယ်ရန် SSPP/SSA ထိန်းချုပ်နယ်မြေတွင် ကျန်းမာရေး စစ်ဆေးပေးနေ
ခွန်ဇော်ဦး
·
April 5, 2020
COVID-19 ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း  (SSPP/SSA) ရဲ့ ဝမ်ဟိုင်းဌာနချုပ်ရှိရာ ကျေးသီးမြို့နယ်အတွင်း ကျန်းမာရေး အထူးကြပ်မတ်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။  SSPP/SSA နယ်မြေအတွင်းမှာ ကိုရိုနာဗိုင်းရပ်ရောဂါ COVID-19 ကို ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ ဌာနချုပ်ရဲ့အဝင်အထွက်လမ်းတွေမှာ ယာယီစခန်းချစစ်ဆေးနေတဲ့ အဖွဲ့ ၇ ဖွဲ့၊ ရွေ့လျားစစ်ဆေးတဲ့အဖွဲ့ ၁ ဖွဲ့ ဖွဲ့ကာ လူအင်အား ၁၃၀ ကျော် အသုံးပြုပြီး အသိပညာပေးတာ၊ ကျန်မားရေးစစ်ဆေးတာတွေ အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာကြမယ့် နိုင်ငံသားတွေအတွက် သက်ဆိုင်ရာ ကျေးရွာအလိုက် ရွာအပြင်မှာ ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်နိုင်ဖို့ တကိုယ်ရေ နေထိုင်စရာ ယာယီတဲလေးတွေ ထိုးပေးထားတယ်လို့ ရွာသားတဦးက ပြောပါတယ်။ SSPP/SSA အနေနဲ့ အစိုးရကျန်းမာရေးဌာနအပြင် လူမှုကူညီရေးအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။  SSPP/SSA တပ်ဖွဲ့က စစ်ဆေးတွေ့ရှိတဲ့ သံသယရှိသူတွေကို အစိုးရကျန်းမာရေးဌာနကို လွှဲပြောင်းပေးနေပြီး ဒီကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ဖို့ ဘာသာ၊ လူမျိုး၊ ဒေသနဲ့ အဖွဲ့အစည်း မခွဲခြားဘဲ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ SSPP/SSA တပ်ဖွဲ့အနေနဲ့ COVID-19 ကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ လက်ဆေးရည်၊ နှာခေါင်းစည်း၊ လက်အိတ်နဲ့ PPE ဝတ်စုံတွေ လိုအပ်နေပါတယ်။  မြန်မာနိုင်ငံမှာ COVID-19 ပိုးတွေ့ရှိသူ ၂၁ ဦးရှိနေပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024