ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်

ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်မှာ COVID-19 ကာကွယ်ရေးအတွက် ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့ အထိ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။ ညမထွက်ရအမိန့်ထုတ်ရတာဟာ  COVID-19 လူနာရှိလို့မဟုတ်ဘဲ  ရောဂါကာကွယ် ထိန်းသိမ်းတာရယ် မူးယစ်ဆေးဝါးသုံးစွဲမှု ထိန်းသိမ်းတာရယ်ကြောင့်ဖြစ်တယ်လို့ နမ့်စန်မြို့မိမြို့ဖ ဦးနေဇော်နိုင် ကပြောပါတယ်။ “အခြေအနေအရ COVID-19 လူနာရှိလို့ထုတ်တာမဟုတ်ဘူးဗျာ။ လူစုလူဝေးတို့ ညကျရင်သောက်စားမူးယစ်တို့၊ ဂီတာတီးတာ၊ ကားဆိုင်ကယ် လှုပ်ရှားသွားလာတာကျနော်တို့မြို့မှာ အရမ်းများတော့ ကိုဗစ် ကာကွယ်ထိန်းသိမ်းရေးအနေနဲ့ အဖွဲ့စုံ စုပေါင်းအစည်းအဝေးထိုင်ပြီး ထုတ်လိုက်တာ၊ မူးယစ်ဆေးဝါး သုံးစွဲမှုထိန်းသိမ်းရင်းပေါ့ ဘာလို့ဆိုတော့ ကိုဗစ် ကြောင့် လူကြီးတွေညအိမ်ပြင်မထွက်တော့ဘူး၊ လူငယ်တွေက အခွင့်ကောင်းယူပြီး လမ်းဆုံ၊ တံတားပေါ် လူသွားနည်းတဲ့နေရာတွေမှာ လူလေးငါးဆယ် အုပ်စုဖွဲ့ပြီးနေကြတယ်။ ကိုဗစ်အတွက်  အန္တရာယ်ကြီးလို့အမိန့်ထုတ်လိုက်တာ”  ညမထွက်ရအမိန့်ကို ည ၇ နာရီမှ မနက် ၆ နာရီအထိ အိမ်ပြင်မထွက်ကြဖို့နဲ့ အစုလိုက် အဖွဲ့လိုက်ထွက်ခြင်း ဖြတ်သန်းသွားလာခြင်းတွေ လုံးဝမလုပ်ဖို့ ညွန်ကြားထားပါတယ်။ ဒါ့အပြင် ပြည်ပမှ ပြန်လာသူအနေနဲ့ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေး ဌာနကိုအသိပေးဖို့၊ quarantine လုပ်ထားသူအနေနဲ့ သတ်မှတ် စောင့်ကြည့် ၁၄ ရက်အတွင်း သတ်မှတ် နေရာမှာ နေဖို့၊ ပြည်သူတွေ အနေနဲ့လည်း မလိုအပ်ဘဲအိမ်ပြင် မထွက်ဖို့ ညွှန်ကြားထားပြီး မလိုက်နာသူကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်။ နမ့်စန်မြို့နယ်မှာ  ၁၄ ရက်စောင့်ကြည့်သူ ၃၈၀ ဦးရှိပြီး ဆေးရုံမှာ စောင့်ကြည့်လူနာ ၂ ဦးရှိပါတယ်။ သတင်း- ခွန်ရာဇာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up