ပြင်ဆင်ချက်တင်ထားသည့်ပုဒ်မကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ ကန့်ကွက်မဲပြန်ပေး
နေဖြိုးဝင်း
·
March 20, 2020
၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၁၉ ရက် ဆက်လက်မဲခွဲဆုံးဖြတ်ရာမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်ပြင်ဆင်ချက်တင်ထားတဲ့ပုဒ်မကို ကန့်ကွက်မဲ ပြန်ပေးခဲ့ရပြီး အနည်းဆုံးရလဒ်နဲ့ ရှုံးနိမ့်သွားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာမောင်သင်းတင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းမှာ ပုဒ်မ ၃၂၂(ခ)နဲ့ပတ်သက်ပြီး ပြင်ဆင်ချက်တင်ထားတာပါ။
ပြင်ဆင်ချက်တင်ထားတဲ့ ပုဒ်မမှာ စကားရပ်တချို့ကျန်ခဲ့တာကြောင့် မဲခွဲဆုံးဖြတ်တာမှာ အခုလို ကိုယ်ပြင်တဲ့ပုဒ်မကို ကန့်ကွက်မဲ ပြန်ပေးခဲ့ရပြီး ထောက်ခံမဲ ၃၀ နဲ့ ရှုံးနိမ့်ခဲ့တာလို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က ပြောပါတယ်။
ပုဒ်မ ၃၂၂(ခ)ရဲ့ မူလပြဋ္ဌာန်းချက်မှာ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်း”လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီမူလပြဋ္ဌာန်းချက်ကို “ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည်” အစား “ဥပဒေပြုအာဏာပိုင်ဖြစ်တဲ့ လွှတ်တော်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း” ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်ချက် တင်သွင်းထားတာဖြစ်ပါတယ်။
ပြင်ဆင်ချက်တင်သွင်းထားတဲ့အထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဆို တဲ့ စကားရပ်ကျန်နေခဲ့တာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက “အဲဒါကို အန်ကယ်တို့က အကယ်လို့များ ထောက်ခံခဲ့လို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသနဲ့ ဦးစီးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်လေး ကျန်နေမယ်။ ကျန်နေမယ်ဆိုတော့ လက်ရှိ အခြေနေမှာ ဘာဖြစ်လည်းဆို ဒီဥစ္စာကို တိုင်းရင်းသားတွေကို ပစ်ပယ်ထားလို့ မရဘူးလေ။ မရတဲ့အတွက်ကြောင့် ဒီဥစ္စာ အန်ကယ်တို့ကိုယ်တိုင် ရေးထုံးသဘောအရ တိမ်းစောင်းတာကို အန်ကယ်တို့ကိုယ်တိုင် မထောက်ခံခဲ့ဘူး။ ဒါကြောင့် အန်ကယ်တို့ မဲက ၃၀ ပဲ ရတာ။ ဒီသဘောကို နည်းနည်းပါးပါး ချွတ်ချော်သွားတဲ့ သဘောလေးတွေ ရှိနေတော့ ဒီသဘောကို ဂဃနဏ မသိတဲ့သူတွေကျတော့ မဲမေးခဲ့မိတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကလည်း “ ရေးထုံးပိုင်းဆိုင်ရာအမှားကြောင့်မို့လို့ မဲဒီလောက်နည်းသွားတယ်ထင်ပါတယ်။ ဒါကတော့ ဒီနေ့ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပေါ့” လို့ ဆိုပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မ ၄၃၆(ခ)နဲ့အကျုံးဝင်တဲ့ ပုဒ်မ ၁၄ ခုကို မဲခွဲဆုံးဖြတ်တာမှာ ပုဒ်မ ၃၄၄ မူလပြဋ္ဌာန်းချက်ပါ မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများ ဆိုတဲ့ စကားရပ်ပါ မသန်မစွမ်းဆိုတဲ့ အသုံးအနှုန်းကို မသန်စွမ်းလို့ ပြင်ဆင်ထားတဲ့ အချက်တစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။
မနက်ဖြန် မတ်လ ၂၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးရဲ့ နောက်ဆုံးနေ့လည်း ဖြစ်သလို နောက်ဆုံးကျန်တဲ့ ပုဒ်မ ၄၃၆(ခ)နဲ့အကျုံးဝင်တဲ့ ပုဒ်မ ၁၄ ခုကိုမဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒီလို မဲခွဲအပြီးမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခု အနက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့တဲ့ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို ဆက်လက် တင်ပြမှာဖြစ်ပါတယ်။