စက်ရုံ ၂၀ ထပ်မံ ပိတ်သိမ်းမည်ဟု လ.ဝ.က ဝန်ကြီးပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 14, 2020
ကိုရိုနာဗိုင်းရပ်စ် အကျိုးဆက်ကြောင့် စက်ရုံ ၂၀ ထပ်မံပိတ်သိမ်းမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
“ပိတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စက်ရုံ ၂၀ လောက်ရှိတယ်လို့ On going Process ပေါ့။ အဲဒါကိုလည်းပဲ လုပ်ထုံးလုပ်နည်းနဲ့ ဆက်ပြီးတော့မှ ဘာကြောင့် ပိတ်ရသလဲ၊ ဘယ်အချိန်မှာ ပိတ်မှာလဲ၊ ဥပဒေနဲ့အညီ လုပ်သားတွေအတွက် အကျိုးခံစားခွင့်တွေ ဘယ်လိုလုပ်မယ် ဆိုတာတွေကို သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်” ဦးသိန်းဆွေက ပြောပါတယ်။
လက်ရှိမှာ ယာယီပိတ်သိမ်းတဲ့ စက်ရုံ ၆ ရုံနဲ့ အပြီးပိတ်သိမ်းလိုက်တဲ့ စက်ရုံ ၉ ရုံရှိပြီး အဲဒီစက်ရုံတွေဟာဆိုရင် အားလုံးက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ချည်းတော့ မဟုတ်ဘဲ ပစ္စည်းအော်ဒါမရရှိမှုတွေ၊ ကုန်ကြမ်း ပြတ်လပ်မှုတွေနဲ့ လုပ်ငန်းမြေ ဆက်မငှားကြတာတွေနဲ့ ကြုံတွေ့ရတဲ့အတွက် ပိတ်သိမ်းတာလို့ ဆိုပါတယ်။
ပိတ်သိမ်းလိုက်တဲ့ စက်ရုံတွေဟာဆိုရင် ရန်ကုန်နဲ့ ပဲခူးက စက်ရုံတွေဖြစ်ပြီး အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ အိတ်စက်ရုံတွေ အများစုပါဝင်တယ်လို့ သိရပါတယ်။
“အင်အားလျှော့တဲ့စက်ရုံက နှစ်ရုံ ရှိပါတယ်။ ရန်ကုန်၊ ပဲခူးရယ် အပါအဝင်။ ဒီနေ့အထိ update ပါပဲ။ လုပ်သားအင်အား စုစုပေါင်း ၄၀၀၀ လောက် အလုပ်ဆုံးရှုံးပါတယ်။ အလုပ်အကိုင် ရပ်ထားရတာ၊ ပိတ်တာတွေ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာလည်း စက်ရုံတွေ ပိတ်ဖို့ ၂၀ လောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးမှာပါ။ အနည်းဆုံး အခကြေးငွေကိစ္စမှာလည်း ပြောလိုက်တယ်။ လူမှုဖူလုံရေးနဲ့ပတ်သက်ပြီး ဒီလိုပြဿနာတွေ ဖြစ်တဲ့အချိန်မှာ အလုပ်သမားတွေကို အကျိုးခံစားခွင့်တွေ ဘယ်လိုပေးနိုင်မလဲ၊ သူတို့ကို ကုသမှု၊ ကာကွယ်မှုတွေ မလုပ်ခင်မှာ ရောဂါမကူးစက်အောင် ဘယ်လိုများ နေရာပေးနိုင်မလဲဆိုတာ ဆွေးနွေးပြီးတော့မှ သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးခန်းတွေမှာ ပညာပေးတွေလုပ်ဖို့၊ စက်မှုဇုန်တွေ၊ အလုပ်ဌာနတွေကို သွားပြီး ပညာပေးလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေပါတယ်။”