Home
မြန်မာသတင်း
တိမ်ညိုစစ်ဘေးရှောင်စခန်းပစ်ခတ်မှု  စစ်ပြေးဒုက္ခသည် ၁၀ ဦးထက်မနည်းဒဏ်ရာရ 
ဝဏ္ဏခွာညို
·
March 13, 2020
89316373_866348723808274_7866118253414711296_n
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်စခန်းမှာခိုလှုံနေသူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားပါတယ်။ မတ်လ ၁၃ ရက် မနက် ၆ နာရီခွဲလောက်က တပ်မတော်စစ်ကြောင်းတခုက တိမ်ညိုစစ်ဘေးရှောင်စခန်းနဲ့ တိမ်ညိုကျေးရွာအနားအရောက်မှာ ပစ်ခတ်ခဲ့တာလို့ စခန်းတာဝန်ခံ ဦးဝေလှအောင်ပြောပါတယ်။ “စစ်သားတွေက စစ်ကြောင်းကားတွေနဲ့လာပြီးတော့ တိမ်ညိုစစ်ရှောင်စခန်းကို သေနတ်တွေနဲ့ လှမ်းပစ်တယ်။ ရွာတွေကိုလှမ်းပစ်တယ်။ အဲ့ဒီမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၉ ယောက်ဒဏ်ရာရတယ်။ နှစ်ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်။ ရွာထဲမှာက ဒဏ်ရာရတာ ပြောသံမကြားမိသေးဘူး။ လောလောဆယ် ဒဏ်ရာရထားတဲ့ စာရင်းပါ။ အခုက သူတို့ သုံးယောက်ကို မြောက်ဦးဆေးရုံကိုယူဖို့လုပ်နေတုန်း တပ်ကလမ်းမှာရှိနေတယ်။ သွားလာလို့ မရဘူး။” တပ်မတော်စစ်ကြောင်းဟာ တိမ်ညိုစစ်ဘေးရှောင်စခန်းနဲ့ ၄ ဖာလုံလောက်ကအကွာ အကန်ကြီးဘုရားအနီး တိမ်ညိုကျေးရွာနဲ့ ဘူးရွက်မညိုကြားမှာ မိုင်းဆွဲခံရပြီး အခုလို စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတချို့လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာလို့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေနဲ့ သရက်တပင်ကျေးရွာသားတွေကပြောပါတယ်။ တိမ်ညိုစစ်ဘေးရှောင်စခန်းနေ ဒေါ်လှလှရီက “တပ်မတော်ကားက ကန်ကြီးဘုရားအနီး တိမ်ညိုကျေးရွာနဲ့ ဘူးရွက်မညိုကြားမှာ မိုင်းဆွဲခံရတယ်လို့ပြောကြတယ်။ ကျမတို့နေထိုင်တဲ့ တိမ်ညိုစခန်းရှောင်စခန်းနဲ့ဆိုရင် ၄ ဖာလုံလောက်ဝေးသေးတယ်။ အဲ့ဒီကနေပစ် လာတဲ့အသံကြားရတယ်။ အဲ့ဒီမှာ စစ်ဘေးရှောင်စခန်းလူတွေ အကုန်ဝပ်နေကြဆိုပြီး လူတွေ အကုန်အော်ပေးကြတယ်။ စစ်ဘေးရှောင်စခန်းနားရောက်တော့ သေနတ်တွေနဲ့ တရစပ် ပစ်ခတ်မှုတွေလုပ်တယ်။ စစ်ကားအရေအတွက် ၈ စီးလောက်ရှိတယ်။” လို့ ပြောပါတယ်။ ဒါ့အပြင်ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီး သရက်တပင်ကျေးရွာကိုလည်း ပစ်ခတ်ခဲ့လို့ လူ ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သရက်တပင်ကျေးရွာသားတွေပြောပါတယ်။ သရက်တပင်ကျေးရွာသားဦးမောင်နုချေက “စစ်တပ်ကနေပြီး မြောက်ဦးကနေပြီးတော့ ပစ်ခတ်မှုတွေလုပ်လို့လာတယ်။ မနားတမ်းပစ်လို့လာတာနော်၊ အဲ့ဒီမှာကျနော်တို့ ရွာနား ရောက်တော့ ရွာကိုဦးတည်ပြီးတော့ပစ်တယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ကားလမ်းတလျှောက်ပစ်ခတ်လာတယ်။ လောလောဆယ် အိမ်ထဲကပုန်းနေလိုက်တဲ့သူ သုံးယောက် ဒဏ်ရာရထားတယ်။ တယောက်အခြေအနေစိုးရိမ်ရတယ်။”လို့ ပြောပါတယ်။ တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက်မှာ ဒီလိုပစ်ခတ်မှုလုပ်လို့ တိမ်ညိုစစ်ဘေးရှောင် စခန်းက နောက်ဆုံးသတင်းအရ ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး သရက်တပင်ကျေးရွာက ၃ ယောက်နဲ့ သိမ်တန်းကျေးရွာသား ၃ ယောက်ဒဏ်ရာအသီးသီးရရှိထားကြတယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါ့အပြင် မနက် ၈ နာရီ ၅ မိနစ်ကလည်း ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024