Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို အန္တရာယ်ကြားက သွားရောက်ကူညီခဲ့ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြော
DVB
·
February 20, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေကို အန္တရာယ်တွေကြားက သွားရောက်ကယ်ဆယ်ခဲ့ရတယ်လို့  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ပြောပါတယ်။ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုတို့ ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၉ ရက်မနက်က စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းစခန်း၊ မြတောင်ဘုန်းတော်ကြီး ကျောင်းစခန်းနဲ့ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတွေမှာ စစ်ပြေးဒုက္ခသည်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးခဲ့တာပါ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက "ဒီနေ့လာရတာ တော်တော်လေး အန္တရာယ်များ ပါတယ်။ နောက်မှသတင်းတွေ ကြားလာရပါလိမ့်မယ်။ ဒါတွေသာ ဒီလိုဖြစ်နေမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ကြမလဲ၊ ကျနော်တို့ အမြဲလာချင်ပါတယ်။ စိတ်သာရောက်တယ် လူက မလာနိုင်ပါဘူး။ အလွန်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလို အခြေအနေတွေကို အမြန်ဆုံး အေးချမ်းသွား စေချင်ပါတယ်။ ငြိမ်းချမ်းသွားစေချင်ပါတယ်။ စစ်ပွဲတွေ ရပ်ဆိုင်းပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေ များစွာနှောင့်နှေးသွားစေ ပါတယ်။ အခုလည်း အန္တရာယ်ကြားက နိုင်ငံတော်အတိုင်ပင်ခံမှာကြားချက်အရ ဒီနေရာတွေကို မရောက် ရောက်အောင် အန္တရာယ်ကြားက လာရတာဖြစ်တယ်" လို့ ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ဟာ ထိုစစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး၊ ပညာရေးလိုအပ်နေတာတွေအပြင် သောက်သုံးရေရရှိရေးနဲ့ အိမ်သာတွေ လိုအပ်နေတာတွေ ကူညီနိုင်ဖို့ သက်ဆိုင်ရာတွေ အခုလို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသူတွေဟာ ဘူသီးတောင်မြို့နယ်ရှိ  စံဂိုးထောင်၊ ဥယျာဉ်သာ၊ သျှစ်သျှားတောင်၊ နွားရုံတောင်၊ သရက်ပြင်၊ ကံပြင်၊ ကွမ်းတောင်၊ စည်တောင် စတဲ့ ကျေးရွာပေါင်း ၂၆ ရွာကျော်နဲ့ ရသေ့တောင်မြို့နယ်မှ အိုးဖောက်၊ သမီးလှ၊ သိုင်းတဘုတ်၊ ရေကောင်းချောင်း၊ အုန်းချောင်း၊ အုတ်ဖို၊ ခရုချောင်း၊ ဇေယျာမြိုင်၊ ကျောက်ခုံဘုတ်၊ ဇီးခေါင်း၊ ကျောက်ပြင်ဆိပ်၊ သပြေဆိပ် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်မှ ရွာသူ/သားတွေဖြစ်ကြပါတယ်။ ရွာသားတွေဟာ တပ်မတော်နဲ့ အေအေတိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့ကြရသလို တပ်မတော်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ကြောင့် ထွက်ပြေးလာကြသူတွေလည်း ဖြစ်ပါတယ်။ လက်ရှိဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုဖြစ်တဲ့ ရန်အောင်မြေစခန်းမှာ အိမ်ထောင်စု ၁၄၀ လူဦး၊ ၅၂၈ ဦး လမ်းမကျောင်း စစ်ပြေးရှောင်စခန်းမှာ အိမ်ထောင်စု ၄၄၇ စု လူဦးရေ ၁၉၀၀ ကျော်နဲ့ မြတောင်ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်ဦးရေ ၈၀၀ ခန့် တို့အား ဝန်ကြီးနဲ့ အဖွဲ့က ဆန်အပါအဝင် ကလေးတွေအတွက် ကလေးကစားစရာအရုပ်ကလေးတွေ၊ အဝတ်အထည်တွေ ကူညီထောက်ပံ့ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါတဲ့ ရဟတ်ယာဉ်ဟာ  မနေ့ မနက်ပိုင်းက စစ်တွေကနေ ဘူးသီးတောင်ကို အသွားမှာ စက်သေနတ်နဲ့ ၂ ချက်အပစ်ခံခဲ့ရတာလို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို  အတည်ပြု ပြောထားပါတယ်။  သတင်း- လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024