မော်လမြိုင်တွင် နိုင်ငံခြားသူ ၂ ဦး ဓားထောက် လုယက်ခံရ
DVB
·
January 25, 2020

မွန်ပြည်နယ် မော်လမြိုင် တောင်ဝိုင်းအတက်လမ်းမှာ ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်က နိုင်ငံခြားသူ ၂ ယောက် ဓားထောက် လုယက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
အမေရိကန်နိုင်ငံသူ ၂ ယောက်ဟာ ညနေပိုင်းမှာ ခွေးကျောင်းရင်း တောင်ဝိုင်းကို လာတဲ့ အတက်လမ်းမှာ အခုလို ဓားထောက်ပြီး ပစ္စည်းတွေ လုယက်ခံခဲ့ရတာပါ။
ဓားထောက် လုယက်ခံခဲ့ရတဲ့အတွက်ကြောင့် ပါလာတဲ့ ပိုက်ဆံအိတ်အပါအဝင် iPad နဲ့ iPhone တို့အပြင် သူတို့စီးလာတဲ့ ဆိုင်ကယ်သော့ကိုပါ လုယက်သူက ယူဆောင်ထွက်ပြေးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဒါကြောင့် လုယက်ထွက်ပြေးသွားတဲ့သူကို ရဲတပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက GPS နဲ့ ခြေရာခံရှာဖွေရာမှာ လုယက်သူဟာ ကဒါရဲစခန်းအနီးမှာ လုယက်လာတဲ့ ပစ္စည်းတွေကို ပစ်ချပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဓားထောက်ပြီး ပစ္စည်းလုယက်သူကို ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေက တောနင်း ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ မုပွန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။