အောင်လအန်ဆန်ပွဲ အားပေးနေစဉ် သက်ကြီးပိုင်း အမျိုးသား ၃ ဦး သေဆုံး

မနေ့က ဂျပန်မှာ ထိုးသတ်တဲ့ One Championship ပြိုင်ပွဲ အောင်လအန်ဆန်းနှင့် ဘရန်ဒန် ဗီရာတို့ရဲ့ ပွဲစဉ်ကို ကြည့်ရှုအားပေးတဲ့ သက်ကြီးပိုင်း အမျိုးသား ၃ ယောက် သေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ အမျိုးသား ၂ ယောက် သေဆုံးခဲ့ပြီး ဧရာဝတီတိုင်း ဒေးဒရဲမှာ တယောက် သေဆုံးခဲ့တာပါ။ ဥက္ကံမြို့မှာတော့ အိုးဖိုတန်းလမ်းနေ အသက် ၆၁ နှစ်အရွယ် ဦးတင်စိုးနဲ့ ရှမ်းစုရွာနေ အသက် ၆၄ နှစ် အရွယ် ဦးလှဝင်းတို့ ဖြစ်ပါတယ်။ ဥက္ကံရဲစခန်း တာဝန်ရှိသူတယောက်က “ဦးလှဝင်းက ပထမအချီအပြီးမှာပဲ လဲကျသေသွားတာ။ အိမ်မှာပဲ။ နောက်တယောက်ကတော့ ဦးတင်စိုး၊ သူကတော့ နိုင်ပြီးမှပဲ လဲကျတာ။ နှလုံးရောဂါ အခံရှိတယ်လို့ ပြောတယ်။ သူကတော့ ဆေးရုံရောက်ပြီးမှ သေတာပါ” လို့ ပြောပါတယ်။ ဒေးဒရဲမြို့နယ်၊ ထနိပတ်ရွာမှာတော့ အသက် ၇၁ နှစ်အရွယ် ဦးလှအောင် သေဆုံးသွားတာပါ။ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက “သူက အောင်လ နိုင်ပြီးတဲ့အခါ မြန်မာ့ဂုဏ်ဆောင် အောင်လကွ ဆိုပြီး အော်ပြီး ထတယ်လို့ သူ သွားကြည့်တဲ့အိမ်က အိမ်သားတယောက်က ပြောတယ်။ အဲဒီမှာ လဲသွားပြီး ခေါ်လို့ မရတော့ဘူး။ အသက်ထွက်သွားတယ်ပေါ့” လို့ ပြောပါတယ်။ ဦးလှအောင်ကို မနက်ဖြန် သင်္ဂြိုဟ်မယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အောင်လအန်ဆန်ပွဲကို ကြည့်ရှုရင်း ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ အမျိုးသားတယောက် သေဆုံးခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း ရန်ကုန်မှာ တယောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up