DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဝေးနေသမျှ ဘိန်းပန်းတွေ မွှေးနေဦးမည်
DVB
·
May 17, 2019
ငြိမ်းချမ်းရေးဝေးနေသမျှ ဘိန်းပန်းတွေ မွှေးနေဦးမည်
Donate to DVB

မူးယစ်ဆေးပြဿနာနဲ့ ဘိန်းစိုက်ပျိုးမှုလျော့ချဖို့ အစိုးရအနေနဲ့ နိုင်ငံရေးစိတ်ဆန္ဒရှိရှိနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်ထွန်းအောင်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီး ငြိမ်းချမ်းရေးဝေးနေသမျှ ဘိန်းပန်းတွေ မွှေးနေဦးမယ်လို့ ရှင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာ ဒေသတွေမှာ အစိုးရအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဖိတ်ခေါ်ပြီး ဘိန်းအစားထိုး စီမံကိန်းတွေ စနစ်တကျဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့အဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ပြောသွားတာပါ။

“ဘိန်းစိုက်ပျိုးမှုကို ဆက်ပြီး အဒွန့်ရှည်စေတဲ့ အကြောင်းရင်းတခုကတော့ ကာလရှည်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးက နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်ပဲ အရေးကြီးပါတယ်။ မူးယစ်ဆေး ပြဿနာနဲ့ ဘိန်းစိုက်ပျိုးမှု လျော့နည်းဖို့ဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံရေး စိတ်ဆန္ဒရှိရှိနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်ထွန်းအောင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့လည်း ဘိန်းစိုက်တောင်သူများရဲ့ ဘဝနဲ့ ခံစားချက်ကို နားလည်အောင် ကြိုးစားပြီး တင်းကြပ်တဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်တဲ့ မူဝါဒတွေကို လက်တွေ့ကျအောင် ပြင်ဆင်ဖို့လိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ငြိမ်းချမ်းရေးဝေးနေသမျှ ဘိန်းပန်းတွေလည်း မွှေးနေဦးမှာပဲဆိုတာကို တင်ပြရင်း အဆိုအပေါ် အကြံပြုဆွေးနွေးလိုက်ရပါတယ်”လို့ ဆိုပါတယ်။

အဆိုအပေါ် ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်အများစုကတော့ ဘိန်းအစားထိုး စိုက်ပျိုးမှုတွေကို လျော့ချနိုင်ဖို့ အစိုးရအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အစားထိုးစီမံကိန်းတွေဆောင်ရွက်တာ၊ တည်ငြိမ်တဲ့ သီးနှံဈေးကွက်တွေ ဖော်ဆောင်ပေးတာ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးတာတွေ လိုအပ်တယ်လို့ ထောက်ပြဆွေးနွေးကြပါတယ်။

အစိုးရအဖွဲ့ကိုယ်စား လာရောက်ရှင်းလင်းဆွေးနွေးခဲ့တဲ့ နယ်စပ်ရေးရာ ဒုဝန်ကြီးကတော့ အစိုးရအနေနဲ့ ဘိန်းအစားထိုး စီမံကိန်းတွေ လုပ်ဆောင်နေပေမယ့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ကြောင်းပြောဆိုခဲ့ပြီး ဝန်ကြီးဌာနအနေနဲ့လည်း ကူညီပေးသွားမယ်လို့  ပြောပါတယ်။

“ဘိန်းအစားထိုး ဖွံ့ဖြိုးမှုမှာ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးလုပ်ဖို့ အဆိုရှင်က တင်သွင်းထားတာ ရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်မယ် ဆိုရင်  ကျနော်တို့ ဝန်ကြီးဌာနကနေပြီးတော့ အားလုံးဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးမယ်”လို့ ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောပါတယ်။

ပန်းတောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က တင်သွင်းတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ပြီး ဘိန်းအစားထိုး စီမံကိန်းတွေလုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကိုတော့ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံ အကြံပြုဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူ ကိုယ်စားလှယ် မရှိခဲ့တာကြောင့် ပြည်သူ့လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013