DVB Logo
Home
မြန်မာသတင်း
အင်းဝမြေဝိုင်းသဘင်အဖွဲ့ ကချင်ပြည်နယ်တွင် မိတ်ဆက်ကပြ
DVB
·
March 21, 2019
အင်းဝမြေဝိုင်းသဘင်အဖွဲ့ ကချင်ပြည်နယ်တွင် မိတ်ဆက်ကပြ
1 / 8
Donate to DVB

မန္တလေးမြိုက အင်းဝမြေဝိုင်းဇာတ်သဘင်အဖွဲ့ဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့ကျောင်း ပရဟိတ စာသင်တိုက်မှာ မတ်လ ၂၀ ရက်က လာရောက်မိတ်ဆက် ကပြ ဖျော်ဖြေခဲ့ပါတယ်။

အင်းဝအနုသုခုမကျောင်းက အထွေထွေ မန်နေဂျာ ကိုထွန်းထွန်းက “အဓိက ရည်ရွယ်ချက်က မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းပေးဘို့ရည်ရွယ်ချက်နဲ့ အင်းဝမြန်မာ အကသင်တန်းကျောင်းကို မိတ်ဆက်ပေးဖို့ပါ။ သင်တန်းသားရရှိဖို့ ကချင်ပြည်နယ် ခရီးစဉ်ကိုကိုယ့်စားရိတ်နဲ့ကိုယ် သင်တန်းလာပေးတာပါ”လို့ ပြောပါတယ်။

အင်းဝသင်တန်းကျောင်းဟာ မန္တလေးရှိ ဖောင်တော်ဦးကျောင်းနဲ့ ချိတ်ဆက်ကာ မနက်ပိုင်းမှာ အတန်းပညာသင်ကြားပေးပြီး နေ့လယ်ပိုင်းက သုခုမပညာကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

သင်တန်းမှာ ဆရာ ၄ ဦးက အခြေခံမြန်မာအက၊ မဟာဂီတ အဆို၊ ဇာတ်သဘင်-ဆို ငို ပြော ပညာ၊ ပြဇာတ်နဲ့ အင်္ဂလိပ် စကားပြောသင်တန်း တို့ကို အထူးသင်ကြား ပေးတယ်လို့ သိရပါတယ်။

ဒါ့အပြင်နယ်က အကဝါသနာပါတဲ့ ထူးချွန်ပြီး ကျောင်းမတက်နိုင်သူ တွေကိုလည်း အင်းဝ အနုသုခုမကျောင်းက အခမဲ့ပညာသင်စရိတ် စားစရိတ် နေစရိတ် တွေကို ထောက်ပံ့ပေးပါတယ်။

မိုးညှင်းအရှေ့စုရပ်ကွက်မှ လာရောက်ကြည့်ရှု သူ မပိုးအိအိဖြူက “ဒါမှ မြန်မာ့ အနုပညာစစ်စစ်၊ ခုမှပဲ ဒီမြေဝိုင်းသဘင်အစစ်ကို တွေ့ဖူးတော့တယ်။ ဘာခေတ်ပေါ်မှ မပါဘူး။ က နေတာ ညွှတ်နေတာပဲ။ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း မြန်မာ့ခေတ်က မကုန်ဘူး။ အဝတ်ခေါင်းပေါင်းလေးကို ချစ်တာ။ အရင်ဘုရင်ခေတ်က ဒီ မြေဝိုင်းလေးကို တွေ့လိုက်ရသလိုပဲ။ အောင်ပါစေ သီချင်းလေးဇာတ်သိမ်းတာ ကျက်သရေ ရှိတာ။ ကန့်လန့်ကာလည်း တချပ်မှမပါဘူး။ ဆိုင်းလည်း မပါဘူး”လို့ ပြောပါတယ်။

အင်းဝမြန်မာသင်တန်းကျောင်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာအကစစ်စစ်တွေ တည်တံ့ ခိုင်မြဲဖို့၊ မြန်မာလူမျိုးတွေကို မြန်မာအကစစ်စစ်တွေ တတ်ကျွမ်းစေဖို့၊ မြန်မာအက စစ်စစ်တွေ ပြန့်ပွားဖို့၊ မြန်မာအကနဲ့ နိုင်ငံခြားက အက ယဉ်ကျေးမှု ဖလှယ်နိုင်ဖို့၊ မြန်မာအကစစ်စစ်တွေကို သင်ယူနိုင်ဖို့ အခက်အခဲရှိနေသူတွေကို ကူညီဖို့ ဖြစ်ကြောင်းသိရပါတယ်။

သင်တန်းကို ၂၀၁၆ ခုနှစ်ကတည်ထောင်ကာ အမေရိကန်နိုင်ငံ အနုပညာဖောင်ဒေးရှင်း အဖွဲ့က ထောက်ပံ့ပေးထားပြီး သင်တန်းကာလ ၂ နှစ်ဖြစ်ပါတယ်။  သင်တန်းသား ၂၅ ဦးကို သင်ကြားပေး နိုင်ခဲ့ကာ ဇာတ်သဘင်တွေမှာ ပရော်ဖက်ရှင်နယ်အဖြစ် လုပ်ငန်းခွင်ဝင် နေပြီဖြစ်ကြောင်း သိရပါတယ်။

အင်းဝမြေဝိုင်းသဘင်အဖွဲ့ဟာ ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူနိုင်ငံတွေကို အနုပညာဖလှယ်ရေးအတွက် သွားရောက်ခဲ့ကြပြီး အနောက်နိုင်ငံကိုလည်း သွားရောက်ဖျော်ဖြေဖို့ အစီအစဉ်ရှိပါတယ်။

ပန်တျာကျောင်းတွေမှာ ပညာသင်ကြားပါက အခြေခံပညာအလယ်တန်းအဆင့် ရှိရမှာဖြစ်ပြီး အင်းဝ အနုသုခုမကျောင်းမှာ အကပညာသင်ကြားလိုပါက အတန်းကျောင်းပညာ သတ်မှတ်ထားခြင်းမရှိဘဲ ရေး/ဖတ်တတ်ဖို့ သာလိုအပ်ပါတယ်။

အင်းဝမြေဝိုင်းသဘင်အဖွဲ့ဟာ မြစ်ကြီးနား၊ ဟိုပင်၊ အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ၊ မိုးညှင်းမြို့မှာ ကပြခဲ့ပြီး မော်လူးမြို့မှာ မတ်လ ၂၁ ရက်နေ့၊ မော်ဟန်ကျေးရွာမှာ ၂၃ ရက်နေ့၊ ကသာမြို့မှာ ၂၄ ရက်တွေမှာ ကပြမှာဖြစ်ပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013