Home
မြန်မာသတင်း
လမ်းနှင့်ကျောင်းများ ဆောက်လုပ်ရေး ဂျပန်က ကန်ဒေါ်လာ ၅ သိန်းခွဲကျော်ထောက်ပံ့
DVB
·
March 8, 2019
ရန်ကုန်၊ ကယားနှင့်ရှမ်းတို့မှာ လမ်းနဲ့ ကျောင်းတွေ ဆောက်လုပ်ရေးအတွက် ဂျပန်အစိုးက အမေရိကန်ဒေါ်လာ  ၅ သိန်းခွဲကျော်ထောက်ပံ့မယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံအစိုးရရဲ့ အသေးစားစီမံကိန်းထောက်ပံ့ရေးအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ  လမ်းတလမ်းနဲ့ စာသင်ကျောင်း ၃ ကျောင်း ဆောက်လုပ်ဖို့အတွက် လှူဒါန်းတာပါ။ မတ် ၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံမှူး Ms. Tomoko YOSHIHIRO နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ တို့ စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားပါတယ်။ အဆိုပါ သဘောတူ စာချုပ်တွေအရ ဂျပန်နိုင်ငံအစိုးရဟာ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၅,၆၂၃ ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပက်အင်းကလေးကျေးရွာနဲ့ ကျောင်းကုန်းကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ဝ၁,၉၉၄၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၁၁,၂၆၄၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၈,၆၂၅ နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၄၃,၇၄ဝ တို့ဖြစ်ပါတယ်။ ကယားပြည်နယ် ဒီးမောဆိုမြို့နယ် လိုဘာခိုကျေးရွာ အခြေခံပညာအ ထက်တန်းကျောင်း (ခွဲ) မှာ စာသင်ဆောင် ၃ ဆောင်ရှိပေမယ့် စာသင်ဆောင် ၁ နဲ့ ၂ ဟာ ဆောက်လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တာကြောင့် ဆိုးရွားစွာ ယိုယွင်းပျက်စီးနေပါတယ်။ အဆိုပါအခက်အခဲကို ဖြေရှင်းဖို့ ဂျပန်အစိုးရက စာသင်ခန်း ၆ ခန်းနဲ့ ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်တဲ့ နှစ်ထပ်သံကူကွန်ကရစ်ကျောင်း ဆောင်တဆောင် ဆောက်လုပ်ဖို့အတွက် ရန်ပုံငွေထောက်ပံ့ပေးမှာဖြစ်ပြီး အဆိုပါကျောင်းမှာ ကျောင်းသူကျောင်းသား ၃ဝ၆ ဦး ပညာသင်ကြားနေကြတာပါ။ ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ အသေးစားစီမံကိန်းတွေ ထောက်ပံ့ရေးအစီအစဉ်နဲ့ ၁၉၉၃ ခုကစပြီး စီမံကိန်းပေါင်း ၈၉၆ ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း ၄၆ဝ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေး စီမံကိန်းပေါင်း ၂ဝဝ နဲ့ လူမှုဖူလုံရေးနဲ့ပတ်ဝန်းကျင်စီမံကိန်းပေါင်း ၁၄ဝ၊ အခြေခံအဆောက်အအုံစီမံကိန်းပေါင်း ၆၁ ခုနဲ့  အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း ၃၅ ခုတို့ကို ထောက်ပံ့ခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024