DVB Logo
Home
မြန်မာသတင်း
ဓားထောက်လုယက်သူကို ဖမ်းဆီးစဉ် ပြန်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီး
DVB
·
July 28, 2018
ဓားထောက်လုယက်သူကို ဖမ်းဆီးစဉ် ပြန်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီး
Donate to DVB

လှိုင်သာယာမြို့နယ်မှာ ဓားထောက်လုယက်ခဲ့သူကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရာမှာ ရန်ပြုလို့ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ဆေးရုံကိုပို့ခဲ့ပေမယ့် သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်အစောပိုင်း ၁ နာရီလောက်က စက်မှုဇုန် လုံခြုံရေးဝန်ထမ်း ကိုနိုင်လင်းဟာ အိမ်ကိုပြန်လာတုန်း စက်မှုဇုန် ၂၊ ဦးရွှေအိုးလမ်းအရောက်မှာ လူတယောက်က သူ့ကို လည်ပင်း ဓားထောက်ပြီး ငွေ ၂ သောင်းကျပ်ကို လုယူခံရပါတယ်။

လုနေတုန်းမှာ ငွေတွေကို ပြန်ဆွဲယူလို့ လုတဲ့သူက ဓားနဲ့ထိုးတာကြောင့် ကိုနိုင်လင်းရဲ့ ဝဲဘက်တံတောင်ဆစ်မှာ ပြတ်ရှဒဏ်ရာရခဲ့ပြီး လှိုင်သာယာမြို့မ  ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့ပါတယ်။

အခင်းဖြစ်တာကို သိသိချင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့ လိုက်လံရှာဖွေပြီး စက်မှုဇုန် ၃၊ ဦးမြဲလမ်းမှာ လုယက်မှုကျူးလွန်ထားသူကို ဓားကိုင်လျက်တွေ့လို့  အသာတကြည် အဖမ်းခံဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဖမ်းမခံဘဲ  ကိုင်ဆောင်ထားတဲ့ အရိုးအသွား ၁ဝ လက်မလောက်ရှိတဲ့ ဓားနဲ့ ပြန်ရန်ပြုလို့ ရဲတပ်ကြပ် ဇေယျာဖြိုးက MA 13 မောင်းပြန်သေနတ်နဲ့ တားဆီးကာကွယ်ခဲ့ရ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရဲတပ်ကြပ်ကြီး မြင့်သိန်းကို ဓားနဲ့ ထိုးလာလို့ ဝဲလက်ခုံမှာ ဒဏ်ရာရခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို အသက်အန္တရာယ်ဖြစ်အောင် ရန်ပြုတိုက်ခိုက်လာတာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူမှာ သေနတ်ဒဏ်ရာရလို့ လှိုင်သာယာဆေးရုံကိုပို့ဆောင်ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။

စစ်ဆေးချက်အရ  လုယက်မှုကျူးလွန်သူဟာ ဆန်းလင်းဦး (၂၅) နှစ်ဖြစ်ပြီး သူ့ဆီက အရိုးအသွား ၁ဝ လက်မလောက်ရှိတဲ့ ဓားဦးချွန်တချောင်းနဲ့ လုယူခဲ့တဲ့ ငွေ ၂ သောင်းကို ပြန်သိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ ဆန်းလင်းဦးဟာ ပိတောက်ချောင်းနယ်မြေရဲစခန်းမှာ ခိုးမှုမသင်္ကာနဲ့ ဖမ်းဆီးခံရပြီး ၂ဝ၁၇ ဇူလိုင်လမှာ ထောင်ဒဏ် ၂ လ၊ သီရိမင်္ဂလာဈေးထဲမှာ ဓားကိုင် ရမ်းကားလို့ ၂ဝ၁၈ ဇန်နဝါရီတုန်းက လက်နက်များအက်ဥပဒေပုဒ် ၁၉(င) နဲ့  ထောင်ဒဏ် ၄ လ ကျခံခဲ့ဖူးသူဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013