DVB Logo
Home
မြန်မာသတင်း
ပထမဆုံးအကြိမ် ကရင်ရိုးရာတာလပေါ့ဟင်းချက်ပြိုင်ပွဲ ဘားအံမြို့တွင်ကျင်းပ
DVB
·
July 8, 2018
ပထမဆုံးအကြိမ် ကရင်ရိုးရာတာလပေါ့ဟင်းချက်ပြိုင်ပွဲ ဘားအံမြို့တွင်ကျင်းပ
1 / 6
Donate to DVB

ပထမအကြိမ် ကရင်ရိုးရာအစားအသောက်ပြပွဲနှင့် ကရင်ရိုးရာတာလပေါ့ ဟင်းချက်ပြိုင်ပွဲ ကို ဇူလိုင် ၈ ရက် မနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲကို ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစားတွေကို တန်ဖိုးထားစားသောက် လာစေရန်နဲ့ ထိန်းသိမ်းဖို့၊ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်တွေကို ကရင်တိုင်းရင်းသား တွေရဲ့ ရိုးရာအစားအသောက်တွေနဲ့ ဈေးကွက်ထိုးဖောက်ပြီး စီးပွားရေးအခွင့်အလမ်းတွေ ရယူဖို့၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း(ဗဟို)က မြန်မာ့ယဉ်ကျေးမှုနယ်မြေ ပုဂံမှာကျင်းပပြုလုပ်မယ့် ရိုးရာအစားအစာပြိုင်ပွဲမှာ ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာတာလပေါ့ ဟင်းနဲ့ အစားအသောက်တွေ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ကို လာရောက်သူတိုင်း ကရင်ရိုးရာတာလပေါ့ကို စားသောက်ရတယ် ဆိုတဲ့ အလေ့အထဖြစ်စေချင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က“ကျမကတော့ ဖြစ်စေချင်တာက ကရင်ပြည်နယ်ထဲမှာ ယိုးဒယားဖားကဖောင်တို့ ဘာတို့က ဆိုင်တိုင်းလိုလို ရောင်းနေပြီး ကျမတို့ တာလပေါ့က ဘာလိုမရောင်းရမှာလဲ။ ကရင်ပြည်နယ်ကို လာလိုက်ရင် တာလပေါ့စားရတယ်ဆိုတဲ့ အလေ့အထကို ဖြစ်စေချင်တယ်။ ကရင်ပြည်နယ်ကိုလာမှတော့ ထိုင်းအစားအသောက် ကျွေးမယ့်အတူတူ ကရင်အစားအသောက်တွေကိုပဲ ဖြစ်စေချင်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ကရင်ဇုန်ဥက္ကဋ္ဌ ဦးအောင်မျိုးသန့် က “ကျနော်တို့ တာလပေါ့ကလည်း ပြိုင်ပွဲတခုအနေနဲ့ သတ်မှတ်ခဲ့တဲ့အတွက်ကြောင့် ကရင်ပြည်နယ်ကြီးရဲ့ ခရီးသွားလာမှုအတွက် တာလပေါ့စားသုံးသူတွေ၊ နိုင်ငံခြားသားတွေ အကြိုက်တွေ့စေမယ့် ဟင်းလျာတစ်ခုဖြစ်လာစေမယ်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့၊ ရန်ကင်းပညာရေးကောလိပ် ကထိက(ငြိမ်း)ဆရာမကြီး ဒေါ်ညွှန့်ညွှန့်စိန် က “ကရင်ရဲ့အစားအစာဖြစ်တဲ့တာလပေါ့ဟင်းကို ခရီးသွားဧည့်သည်တွေ ပြည်တွင်း ပြည်ပ သွားလာတဲ့ ခရီသည်တွေ ဟိုတယ်မှာ တိုင်းရင်းသား အစားအစာတစ်ခုအနေနဲ့ ထည့်သွင်း ပြီးတော့ ကျွေးမွေးမယ်ဆိုလိုရှိရင် အစဉ်ပြေမယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လိမ့်မယ်။ တကယ် ဒေသထွက်အစားအစာတွေ ဒေသထွက်ပစ္စည်းတွေနဲ့လုပ်ကိုင်ထားတာ တွေ့တဲ့ အတွက်ကြောင့်မို့လို့ ပြည်နယ်ရဲ့အလှ ပြည်နယ်ရဲ့သဘာဝ ပြည်နယ်ရဲ့ နှလုံးသားကို ဖော်ပြတယ်လို့ ကျမစိတ်ထဲမှာ ထင်ပါတယ်”လို့ ပြောပါတယ်။

ကရင်တိုင်းရင်းသား ရိုးရာတာလပေါ့ဟင်းချက်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၆ သင်းက မျှစ်တာလပေါ့၊ ပိန္နဲသီးတာလပေါ့၊ ကြိမ်ဖူးတာလပေါ့၊ ပိတ်ချင်းတာလပေါ့၊ မယ်ဇလီတာလပေါ့ ဟင်းလျာတွေနဲ့ ချက်ပြုတ်ယှဉ်ပြိုင်ကျသလို့ ရိုးရာအစားအသောက် (၁၅)မျိုးကို ဆိုင်ခန်းပေါင်း ၅၆ ခန်းမှာ ခင်းကျင်းပြသပြီး လာရောက်တဲ့ ဧည့်သည်တွေကို ကရင်ရိုးရာ ခေါင်ရည်၊ တာလပေါ့ဟင်း၊ အစားအသောက်တွေနဲ့ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

ရိုးရာတာလပေါ့ဟင်းချက်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (ဗဟို)က ပြည်နယ် စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းကို ထောက်ပံ့ငွေ ၁၀ သိန်း ထောက်ပံ့လှူဒါန်းပြီး ပြိုင်ပွဲမှာ ပထမဆု ရရှိတဲ့ မုက္ကဒိကျေးရွာအသင်းကို ဆုငွေကျပ် ၂ သိန်း၊ ဒုတိယဆုရရှိတဲ့ Thai Village စားသောက်ဆိုင်ကို ဆုငွေကျပ် ၁ သိန်း ၅ သောင်း၊ တတိယဆုရရှိတဲ့ SKY 1+3 စားသောက်ဆိုင်ကို ဆုငွေကျပ် ၁ သိန်းစီချီးမြှင့်ပြီး ဆုမရရှိတဲ့ ပြိုင်ပွဲဝင်အသင်းတွေကို နှစ်သိမ့်ဆုအဖြစ် ကျပ် ၂ သောင်းနှုန်းနဲ့ ပြိုင်ပွဲဝင်အသင်းတိုင်းကို ငွေကျပ် ၁ သောင်းနှုန်း ပြိုင်ပွဲကျင်းပရေးကော်မတီက ထောက်ပံ့ချီးမြှင့်ခဲ့ပါတယ်။

“ကရင်ရိုးရာမပျောက်ပျက်အောင်ဆိုတာ ထိုင်းအစားအစာတွေ ၀င်လာတဲ့အတွက် ကျနော်တို့ စားသောက်ဆိုင်တွေကနေပြီးတော့မှ ကရင်ရိုးရာမပျောက်ပျက်အောင် ထိန်းသိမ်းဖို့ အတွက် စားသောက်ဆိုင်လုပ်ငန်းရှင်တွေအကုန်လုံး ညှိနှိုင်းပြီးတော့ လုပ်ဆောင်တာပါ။ ပထမဆုံးအကြိမ် ဆိုတော့ အခက်အခဲ အများကြီးရှိပါတယ်။ အရမ်း တုန်လုပ်ရတယ်။ ဒီလိုမျိုး ဖြစ်ဖို့ဆိုတာလည်း မလွယ်ဘူး။ အရမ်းလည်း ဒီလိုမျိုးစည်းကားမယ်လို့ မထင်ဘူး”လို့ ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013