‘အရိပ်’ ဇာတ်လမ်းတွဲ ဇာတ်ဝင်သီချင်းရုပ်သံ ကြည့်ရှုသူ ၃ သိန်း ကျော်ရှိပြီ(ရုပ်သံ)

  “တို့ နီးနီးလေးမှာ အဝေးကြီးပဲ ဝေးလို့ကွာ… တကယ်မဆုံနိုင်ဘူးလား… တို့နီးနီးလေးမှာ အဝေးဆုံးပဲ ဝေးလို့ကွာ… တကယ်ဆုံနိုင်ပြီလား… အို… အချစ်တွေက… သေဆုံးပြီလား… တကယ်ပြန်ဆုံနိုင်ပြီလား…” ဒီစာသားတွေကတော့ The Best of Melody World သီချင်းဆိုပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ပြီး အောင်မြင်တဲ့ တေးသံရှင်တွေ ဖြစ်လာခဲ့ကြတဲ့ ထက်နေခြည်နဲ့ ဂျူဝယ်လ်တို့ စုံတွဲသီဆိုထားကြတဲ့ လောင်းရိပ်မိသော အချစ်လို့ အမည်ရတဲ့ ဇာတ်ဝင်သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပြီး တေးရေး မြင့်မိုးအောင်က ရေးစပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ Forever Group က စီစဉ်ပြီး လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ နာမည်ကြီး ‘အရိပ်’ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်းဖြစ်ပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာ ဖြစ်ပါတယ်။ အရိပ် ဇာတ်လမ်းတွဲဟာ စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုကို ဒါရိုက်တာ ပြည်သစ်နိုင်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး မျက်နှာသစ် သရုပ်ဆောင်တွေကို ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်ပြီး ပွဲထုတ်ထားတာ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာရနေတဲ့ မိန်းကလေးတယောက်နဲ့ မိသားစုတွင်း ပြဿနာတွေကြား အချစ်၊ အိမ်ထောင်ရေး၊ ဒရာမာပုံစံ ရိုက်ကူးထားခဲ့တဲ့ ဒီဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နက္ခတ်၊ ဟိန်းထက်၊ မေမြင့်မိုရ်၊ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်းတို့ကို ဝါရင့်သရုပ်ဆောင် ရန်အောင်၊ စိုးမြတ်သူဇာ၊ ချိုပြုံးတို့နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထုကို အရင်ကတော့ ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူးခဲ့ဖူးပြီး မင်းမော်ကွန်းနဲ့ ပန်းဖြူတို့ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြကာ အကောင်းဆုံး အမျိုးသမီးရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ “ဒဏ်ရာတွေပြည့်သော အသည်းမှာ… အချစ်လိုက်ရှာ… အရိပ်တို့က ဖုံးကွယ်ထား… ဘယ်သူတွေ မြင်မလဲ… ငါ့ကမ္ဘာ… အရိပ်တို့ အောက်မှာ… ပျောက်ဆုံးသွားပြီလား…”စတဲ့ သီချင်းစာသားတွေနဲ့ တွဲဖက်ညီညီ သီဆိုထားတဲ့ ဇာတ်ဝင်ခန်းပြကွက်တွေနဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up