Home
မြန်မာသတင်း
ပေါင်မြို့နယ် မြေနုကျွန်းခွဲဝေချထားမှုတွင် အဂတိလိုက်စားမှုရှိဟု လွှတ်တော်ကိုယ်စားလှယ် ပြော
DVB
·
March 23, 2018
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း သောင်ထွန်းမြေ(ခေါ်) မြေနုကျွန်း ခွဲဝေချထားရာမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ နယ်မြေခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ ပေါင်မြို့နယ် သံလွင်မြစ်ဝထဲက ကိုတေးကျွန်းလို့ခေါ်တဲ့ မြေနုကျွန်း ၁၃၇ ဧကကို ခွဲဝေပေးရာမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့  မတ်လ ၂၂ ရက်က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မှတ်တမ်းမှတ်ရာတွေနဲ့တကွ တင်ပြဆွေးနွေးနေခဲ့တာပါ။ “ကျေးရွာလယ်ဆည်က မသိဘူးဆိုတာ မရှိဘူး။ သူတို့က နှစ်တိုင်း လုပ်နေကျပဲ။ ရပ်ကွက်နေ လယ်မဲ့သူတွေ လာလျှောက်နိုင်အောင် ကြေညာရမယ်။ အဲဒီလိုမျိုးတွေ ပွင့်လင်းမြင်သာစွာ မဖြစ်ဘဲနဲ့ လူတဦးတယောက်က ၄၁ ဦး စာရင်းထည့်ပေးလိုက်တာကို စာရင်းစီချပြီး မြို့နယ်ပို့တယ်ဆိုတာ အဲဒါ ထင်ရှားနေပြီ။ အဲဒါက ဆန္ဒဂတိပဲ။ အဲဒီ နောက်ကွယ်က ဘာကြောင့် သူလက်ခံလဲ။” ၂၀၁၂ လယ်ယာမြေဥပဒေအရ မြေနုကျွန်း ခေါ် သောင်ထွန်းမြေတွေ ပေါ်ထွန်းလာရင် အနီးအနားက ဒေသခံ လယ်မဲ့ယာမဲ့တွေကို တန်းစီဇယားပြုစုပြီး ခွဲဝေချပေးထားရမှာ ဖြစ်ပါတယ်။ ပေါင်မြို့နယ်ထဲက ကိုတေးကျွန်း ခေါ် မြေနုကျွန်း ခွဲဝေချထားရာမှာတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ နီးစပ်ရာ ၅၈ ဦးကို တန်းစီဇယားပြုလုပ်ပြီး ခွဲဝေပေးဖို့ စီစဉ်နေတာကို အရေးယူဖို့ ရှိ၊ မရှိနဲ့ ပြန်လည်စိစစ်သွားဖို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။  သက်ဆိုင်ရာဝန်ကြီးကတော့ အဲဒီမေးခွန်းကို တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ လယ်ဆည်ဝန်ကြီး ဦးထွန်းဌေးက “အဂတိလိုက်စားမှုကို ဘယ်လို အရေးယူမလဲဆိုတော့ အဂတိလိုက်စားမှု ရှိတာ၊ မရှိတာ ဆိုတာက အားလုံးက စေတနာနဲ့ လုပ်နေကြတာပဲ။ ဥပဒေနဲ့ ညီ မညီကိုပဲ ကိုယ်စားလှယ်အနေနဲ့ မြေပြင်အခြေအနေကို ကြည့်ပြီးတော့ ဘယ်နေရာမှာ မှားယွင်းနေတာ မြင်ရင် တခါတည်း တင်ပြစေချင်ပါတယ်။ သူက ဘာမှ ပေါင်းစပ်ခြင်းမရှိဘဲ စာရွက်ပဲ တောင်းကြည့်ပြီး မညီဘူးလို့ ပြောနေတယ်” လို့ ပြောပါတယ်။ သံလွင်မြစ်ဝထဲက မြေနုကျွန်းကို အနီးစပ်ဆုံးကျေးရွာဖြစ်တဲ့ မုတ္တမကျေးရွာက ၅၈ ဦးကို တဦး ၂ ဧကကျော် ခွဲဝေချထားပေးဖို့ ၂၀၁၇ ခုနှစ်ကတည်းက ညွှန်ကြားထားတာ။ အခုချိန်အထိ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတွေက စိစစ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုပ်ပိုင်ခွင့် ရရှိရေး ဦးဆောင်နေသူတွေဟာ  အဲဒီသောင်ထွန်းမြေပေါ်မှာ စက်ယန္တရားတွေနဲ့ မြေယာပြုပြင်တာတွေ လုပ်နေကြတယ်လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်က ဓာတ်ပုံအထောက်ထားတွေနဲ့ ပြောပါတယ်။ ဓာတ်ပုံ - မွန်ပြည်နယ်လွှတ်တော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024