DVB Logo
Home
မေးမြန်းခန်း
ခြေကုန်ပြေးလို့ရတဲ့မြင်းဟာ ခြေကုန်ပြေးလို့မရသေးဘဲ ခဲဆွဲထားသလို ဖြစ်နေတယ်
DVB
·
May 3, 2012
ခြေကုန်ပြေးလို့ရတဲ့မြင်းဟာ ခြေကုန်ပြေးလို့မရသေးဘဲ ခဲဆွဲထားသလို ဖြစ်နေတယ်
1 / 2
Donate to DVB

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ  ဆယ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် စာနယ်ဇင်းအဖွဲ့တွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေ စုပေါင်းပြီး အခမ်းအနားတွေကို ဒီနေ့ ပြုလုပ်ကျင်းပခဲ့ကြတာပါ။

[caption id="attachment_24899" align="alignleft" width="300" caption="စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ"][/caption]

အစိုးရဌာနတွေကိုယ်တိုင်  ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပလာတာနဲ့ပတ်သက်ပြီး စာရေးဆရာ သတင်းစာဆရာ မောင်ဝံသကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆိုတာကို အစိုးရကိုယ်တိုင်ကလည်း လုပ်လာတယ်၊ ဆရာတို့လည်း ဖွဲ့ထားတဲ့ အသင်းအဖွဲ့လေးတွေက လုပ်လာတယ်၊ လုပ်လာခွင့် ရလာတယ်ပေါ့နော်။ အဲဒီအပေါ်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ သတင်းစာဆရာ တဦးအနေနဲ့ ဘယ်လိုမြင်လဲ။

“စာနယ်ဇင်းလွတ်လပ်ခွင့် ရှိတယ် မရှိဘူးဆိုတာ ဥပဒေပေါ့ဗျာ။ ဥပဒေတွေ၊ စည်းကမ်းသတ်မှတ်တာတွေ ဒါတွေကြောင့်မို့လို့ ကျနော်တို့က စာနယ်ဇင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့တာကိုး။ အဲဒီတော့ စာနယ်ဇင်း လွတ်လပ်ခွင့် ဆုံးရှုံးတယ်ဆိုတာက ဒါကို ကန့်သတ်တဲ့၊ ချုပ်ချယ်တဲ့၊ ထိန်းချုပ်တဲ့ အဲဒီလို ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီးတော့ ဘယ်လိုဟာမျိုး ရေးလို့ရှိရင်တော့ ထောင်ဒဏ်၊ ဘယ်လိုမျိုးကို အသံလွှင့်လို့ ရှိရင်တော့ ဘာဖြစ်တယ်ပေါ့။ အဲဒီလိုဟာတွေနဲ့ နောက် အီလက်ထရောနစ် ဥပဒေတွေပေါ့။ ဒီ ဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ ကန့်သတ်တာ ထိန်းချုပ်တာတွေ လုပ်ခဲ့တာကိုး။ အဲဒီတော့ ကျနော်တို့က စာနယ်ဇင်းလွတ်လပ်ခွင့်ကို တောင်းနေစရာလည်း မလိုဘူး၊ ပေးပါလို့လည်း ပြောနေစရာမလိုဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာက ဒီမိုကရေစီ အခြေခံ သဘောမှာကိုက ပြည်သူ့အခွင့်အရေး တခုအနေနဲ့ ရှိပြီးသားပဲ။ အဲဒီတော့ ရှိပြီးသားဖြစ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ ထိန်းချုပ်တဲ့ ဥပဒေတွေ ရုပ်သိမ်းမယ်၊ အဲဒါတွေ ပယ်ဖျက်လိုက်မယ်ဆိုရင် အလိုလို စာနယ်ဇင်း လွတ်လပ်ခွင့်က ကျနော်တို့ ခံစားရရှိပြီးသား ဖြစ်ရမယ်။ အဲဒီလိုပဲ ကျနော်တော့ ယူဆပါတယ်။ ဒါကြောင့် အခု ကျနော်တို့ မီဒီယာဥပဒေတို့၊ စာနယ်ဇင်း ဥပဒေတို့ လုပ်နေတယ်ဆိုတဲ့ ဖြစ်စဉ်မှာ၊  စိုးရိမ်ပူပန်တာက ဘာလဲဆိုတော့ ကျနော်တို့အတွက် ပိုပြီးတော့ တင်းကျပ်တဲ့၊ ပိုပြီးတော့ ထိန်းချုပ်ကန့်သတ်တဲ့ ဥပဒေတွေ ဖြစ်မလာဖို့ပဲ။ ပြီးတော့မှ ရှိရင်းစွဲထဲကပဲ ထိန်းချုပ်ကန့်သတ်ထားတဲ့ ဥပဒေတွေကို တဖြည်းဖြည်းနဲ့ ရုပ်သိမ်းဖို့၊ ပယ်ဖျက်ဖြစ်ဖို့ အဲဒီကိစ္စပဲ ကျနော်တို့က လိုလားတာပါ။”

အခု နည်းနည်းလေး ပွင့်လာတဲ့ခေတ်မှာ စာပေနဲ့ စာနယ်ဇင်းကြီးကလည်း ဖျက်လိုက်တယ်။ ဖျက်လိုက်ပြီးတော့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဖြစ်မြောက်ရေး ကော်မတီဆိုပြီး ဆရာတို့ ဖွဲ့တာ တွေ့ရပါတယ်။ အလားတူပဲ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂတို့၊ နောက် သတင်းထောက်များ ကွန်ရက်တို့ အသင်းအဖွဲ့လေးတွေ ၃၊ ၄ ဖွဲ့ ဖွဲ့လာတာကရော စာပေးလွတ်လပ်ခွင့်အတွက်၊ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ဘယ်လောက် အတိုင်းအတာထိ အကျိုးပြုနိုင်မလဲ ဆရာ။

“ဒါအင်မတန်ကောင်းပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်ရော၊ နောက် စာပေလောကရဲ့ ဖွံ့ဖြိုးရေးအတွက်ရော တကယ့် ယုံကြည်ချက်ချင်း တူရာပူးပေါင်းပြီးတော့ လုပ်လို့ အဆင်ပြေမယ့် အစုအဖွဲ့တွေပေါ့ဗျာ။ ကိုယ့်အစုအဖွဲ့နဲ့ ကိုယ်နဲ့ အဲဒီလို အသင်းအဖွဲ့တွေဖွဲ့မယ်၊ သမဂ္ဂဖွဲ့မယ်၊ အသင်းတွေဖွဲ့မယ်၊ အစည်းအရုံးတွေ ဖွဲ့မယ်။ အဲဒီလို ဖွဲ့တာဟာ အင်မတန် ကောင်းတဲ့ လက္ခဏာပဲ။ ပန်းတိုင်းပွင့်ပါစေဆိုတဲ့ သဘောပေါ့ဗျာ။ တူရာတူရာ ပန်းတွေပွင့်ပြီးတော့ အဲဒီမှာ ရှင်သန်မယ်၊ ဖွံ့ဖြိုးမယ်။ ပြီးလို့ရှိရင် ကျနော်တို့ အားလုံး ကျင်လည်ကျက်စားနေတဲ့ စာနယ်ဇင်းလောကကြီးကလည်း ပိုပြီး ဖွံ့ဖြိုးလာဖို့ ရှိတယ်။ ကျနော် ဒါဟာ ဘာမှ မညီမညွတ်ဖြစ်တဲ့သဘော၊ ကွဲလွဲတဲ့သဘောလို့တော့ ကျနော်တော့ မမြင်ဘူး။ ကိုယ်ပိုပြီးတော့ ထိထိရောက်ရောက်လုပ်နိုင်မယ့် ကိုယ့်ရဲ့ အင်အားစုအချင်းချင်း ပူးပေါင်းပြီးတော့ လုပ်တယ်လို့ပဲ မြင်ပါတယ်။

“စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ်ထားတဲ့ အာဏာပိုင်များ၊ ဒါမှမဟုတ်လည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ ဒီ ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ထပ်ပြီး လျှော့ရမှာပဲ။ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်မယ်ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ပေးကို ပေးရမှာ။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းတွေနဲ့ ညီမျှတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ပေးကို ပေးရမယ်။ အဲဒါ သူတို့ဘက်က ပေးတယ်ဆိုတာက အခုန ကန့်သတ်ထားတဲ့ ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ရုပ်သိမ်းတာပဲ။ အဲဒီလို ရုပ်သိမ်းတယ်ဆိုရင် ကျနော်တို့ဘက်က ဘာဖြစ်မလဲဆိုရင် တာဝန်သိမှုဆိုတဲ့ အပိုင်းက ဘယ်တော့မှ ကျနော်တို့ လျစ်လျူမရှုပါဘူး။ ကျနော်တို့က ကိုယ့်ကျင့်ဝတ်တွေသိတယ်၊ နောက် ကျနော်တို့ စာနယ်ဇင်းသမားတွေရဲ့ တာဝန် ဘာရှိလဲ ဆိုတာသိတယ်။ အဲဒါတွေအတွက်ကို အရည်အသွေး မြှင့်တင်ရေးတွေ ကိုယ့်ဟာကို လုပ်ကြရမှာပဲ။ ဒါကြောင့်မို့လို့ သင်တန်းတို့၊ ကျောင်းတို့ဆိုတာ ဒါတွေက ကျနော်တို့ဘက်က လုပ်ရမယ့် တာဝန်တွေပါ။”

နောက်တပိုင်းက၊ အခု နေ့စဉ်သတင်းစာထုတ်ခွင့် မပေးသေးဘူး။ တကယ်လို့များ စာနယ်ဇင်းလွတ်လပ်ခွင့် အထိုက်အလျောက်ရလာလို့ သတင်းစာလွတ်လပ်ခွင့်များ ဒီနှစ်ထဲ ပေးလိုက်မယ် ဆိုပါတော့၊ ကျနော်တို့ နိုင်ငံမှာ အဲဒီသတင်းစာ ထုတ်နိုင်လောက်တဲ့ လူ့စွမ်းအားအရင်းမြစ်တွေ ရှိနေပြီလား၊ ဆရာ ဘယ်လိုမြင်ပါသလဲ။

“ရှိနေပြီလို့ထင်ပါတယ်။ ကျနော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အပတ်စဉ်ထုတ် သတင်းစာတွေပေါ့ဗျာ၊ အပတ်စဉ်ထုတ် ဂျာနယ်တွေ။ ဒီမှာ ဒါ လေ့ကျင့်ကွင်းတွေပေါ့။ ဒီကွင်းတွေပေါ်မှာ လေ့ကျင့်ထားတဲ့ စာနယ်ဇင်းသမားတွေ၊ သတင်းမီဒီယာသမားတွေက တော်တော်ကြီးကို ကျင့်သားလည်း ရနေပြီ။ အခုဟာက  ဘာမှ လွတ်လပ်ခွင့်ကို ကျင့်သုံးခွင့် မရသေးတဲ့အခါကျတော့ ကျနော်တို့ သတင်းမီဒီယာသမားတွေရဲ့ အရည်အသွေး၊ အရည်အချင်း ဘယ်လောက် ရှိနေသလဲ၊ အတိုင်းအတာ ဘယ်လောက် ရှိသလဲ ဆိုတာကို ကျနော်တို့က စံနှုန်းကို သတ်မှတ်လို့ မရဘူးဖြစ်နေတယ်။

“ဆိုလိုတာကတော့ တကယ်ကို ခြေကုန်ပြေးလို့ရတဲ့မြင်းက ခြေကုန်ပြေးလို့ မရသေးဘဲနဲ့ သူ့ခဲဆွဲထားသလို ဖြစ်နေတာပေါ့။ အဲဒီတော့ ခဲတွေ ဖယ်လိုက်ပြီးဆိုရင် ဘယ်လောက် ပြေးမယ်ဆိုတာ ကျနော်ကတော့ ယုံကြည်မှုတော့ ရှိပါတယ်။ ကျနော် လက်တွေ့လေ။ အခုပဲ လွှတ်ပေးကြည့်ပါလား။ ကျနော်တို့ နေ့စဉ်ထုတ်သတင်းစာတွေ ခွင့်ပြုကြည့်ပါလား။ အနည်းဆုံး ၅ စောင်က ၁၀ ကြားလောက်ကို ထွက်လာမယ်လို့ ကျနော် အဲဒီလို ယုံကြည်ပါတယ်။”

ဒီနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းစာဆရာတဦးအနေနဲ့ ဆရာ့အမြင်၊ အတွေးပဲ ဖြစ်ဖြစ်ပေါ့။ ပြည်သူကို ပေးချင်တဲ့ message ပဲ ဖြစ်ဖြစ်၊ ဆရာတောင့်တတဲ့ ဆန္ဒပဲ ဖြစ်ဖြစ် တခုခု ပြောပေးပါ။

“ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ကျင်းပနိုင်တာကိုက ပထမဆုံး ကျနော်တို့က ဝမ်းမြောက်တယ်၊ ဝမ်းသာတယ်။ ဒါထူးခြားတဲ့ မှတ်တိုင်တခုလို့ ကျနော်တို့ မြင်ပါတယ်။ အဲဒီတော့ ဒီနေ့မျိုးကို အကြောင်းပြုပြီးတော့ ရှေ့လျှောက်မှာ ကျနော်တို့ သတင်းမီဒီယာသမားတွေက ကိုယ်ပိုင်အရည်အသွေးတွေ မြှင့်တင်ဖို့၊ စာနယ်ဇင်းကျင့်ဝတ်တွေ ထိန်းသိမ်းဖို့၊ ပြီးတော့မှ ရနိုင်သမျှ ရတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဘောင်ထဲကနေပြီးတော့ အဲဒီ ရနိုင်သမျှ တိုးချဲ့ပြီးတော့ ကျနော်တို့ လွတ်လပ်ခွင့် အခွင့်အရေးကိုလည်း ကျင့်သုံးမယ်၊ ပြီးတော့မှ ကျနော်တို့ရဲ့ ပြည်သူတွေကို အကျိုးပြုတဲ့ လုပ်ငန်းတွေ ဆက်ပြီးတော့ လုပ်သွားကြမယ်လို့ အဲဒီလို သန္နိဋ္ဌာန် ပြုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013