မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၌ ကားက ဆိုင်ကယ်ကို ၀င်တိုက်မောင်းပြေး၊ ၁ ဦးသေဆုံး
DVB
·
August 21, 2017

မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၂၀/၃ နဲ့ ၄ အကြားမှာ သြဂုတ် ၂၀ ရက် မနက် ၁၁ နာရီလောက်က ကျောက်ပန်းတောင်းဘက် မောင်းလာတဲ့ ဆိုင်ကယ်ကို Canter အမျိုးအစားကားက နောက်ကဝင်တိုက်ပြီး မောင်းထွက်ပြေးတာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရသွားခဲ့တယ်လို့ ရှမ်းမငယ်ရွာ ရဲစခန်းကပြောပါတယ်။
စခန်းမှူး ရဲအုပ်ခင်မောင်စိုးက "မိတ္ထီလာမြို့နယ် ရေဝေရွာနေတဲ့ နိုင်ဝင်းက ဆိုင်ကယ် မောင်းတယ်။ ဇနီးဖြစ်သူ မမိနုတ်က နောက်ခုံမှာ စီးလာတယ်။ ကားက နောက်ကနေ ဝင်တိုက်ပြီး မောင်းပြေးတယ်။ ကားနံပါတ် ရထားပါတယ်။ မမိနုတ်ကတော့ နေရာတင် သေဆုံးတယ်။ နိုင်ဝင်း ဝဲဘက်ခြေဖမိုး ကျိုးကြေတယ်။ လက်ရယ်၊ မျက်နှာရယ်၊ နောက်ကျောတွေ ပွန်းပဲ့တယ်။ စိုးရိမ်ရ တယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်" လို့ ပြောပါတယ်။
မိတ္ထီလာမြို့နယ် ရှမ်းမငယ်ရွာ ရဲစခန်းမှာ တိုက်ပြီးမောင်းပြေးသွားတဲ့ ကားသမားကို ယာဉ် မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု၊ လူသေဆုံးမှု၊ မောင်းပြေးမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄-က/၂၀၂ တို့နဲ့ အမှုအမှတ် ယာဉ်(ပ)၈/၂၀၁၇ နဲ့ အမှု ဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)