Home
မြန်မာသတင်း
မော်လမြိုင်တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်မည်
DVB
·
July 27, 2017
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်သွားမှာဖြစ်ပြီး အဲ့ဒီစက်ရုံကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူသွားမယ်လို့ စည်ပင်သာယာရေးဝန်ကြီးဌာနက ပြောပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ စက်ရုံလည်ပတ်နိုင်ဖို့အတွက်သာ ဘိုင်အိုဂတ်စ်နဲ့ လျှပ်စစ်ဓာတ်အားထုတ်ယူမှာဖြစ်ပြီး ပြင်ပကို ရောင်းချရန် ရှိ၊ မရှိ မသိရသေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ဒုတိယ အင်ဂျင်နီယာမှူး ဦးတင်ကိုကိုက ပြောပါတယ်။ “အဲဒီက အမှိုက်တွေကို လျှပ်စစ်ထုတ်လို့ရရင်ထုတ်မယ်။ ဥပမာ မီးဖိုချောင်သုံး အမှိုက်တွေနဲ့ သစ်ရွက်၊ သစ်ကိုင်းခြောက်တွေပေါ့။ ဆေးရုံကထွက်တဲ့ အမှိုက်တွေ၊ ပုလင်းကွဲတွေဆိုရင်တော့ အပြီးဖျက်ဆီးမှာပါ။” လက်ရှိမှာ စက်ရုံတည်ဆောက်ဖို့ ဖင်လန်နိုင်ငံက ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းနေပြီး အမှိုက်ဖျက်ဆီးစက်ရုံကို မော်လမြိုင်မြို့ မုရောင်းကျေးရွာအနီးရှိ စည်ပင်အမှိုက်ကန်မှာ တည်ဆောက်သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ “အခုကတော့ ကုမ္ပဏီလေးငါးခု လာဆွေးနွေးတုန်းရှိပါသေးတယ်။ ဖင်လန်နိုင်ငံအခြေစိုက်ကုမ္ပဏီတွေက လာကူညီတာပါ။ မြို့ထဲမှာ ရှိတဲ့အမှိုက်တွေကိုသိမ်းပြီး အဲ့ဒီကနေတဆင့် လျှပ်စစ်ထုတ်မှာပါ။ မြေဧကကတော့ ၁၂၀ လိုမယ်လိုတော့ ပြောတယ်။ အဲ့ဒီထက်ပိုဖို့လည်း ရှိပါတယ်” လို့ ပြောပါတယ်။ အဆိုပါ စီမံကိန်းကို အခုနှစ်အတွင်းမှာ နားလည်မှု စာချွန်လွှာ ထိုးနိုင်ဖို့ စီစဉ်နေပြီး နှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၁၈ ပြည့်နှစ်မှာ စတင်အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ အဆိုပါ အမှိုက်ဖျက်ဆီး စက်ရုံမျိုးကို မွန်ပြည်နယ် ၁၀ မြို့လုံးမှာ တည်ဆောက်နိုင်မယ်ဆိုပါက လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ သထုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက "သထုံမှာလည်း အမှိုက်ပစ်ဖို့ နေရာတွေ တော်တော်အခက်ခဲဖြစ်နေပါတယ်။ မြေတွေ တန်ဖိုးတက်လာပြီး ၁၀ မြို့နယ်လုံးမှာ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိမှာ မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တနေ့လျှင် အမှိုက်တန်ချိန် ၁၅၀ ကျော်ကို ဖျက်ဆီးနေပြီး အမှိုက်သိမ်းကားတွေကို ယခင်က ၂၅ စီးသာ အသုံးပြုနိုင်ခဲ့ပေမယ့် နောက်လာမယ့် နှစ်လအကြာမှာ မြို့အနှံ့ အမှိုက်သိမ်းစည်းနိုင်ရေး အမှိုက်ကား အစီး ၂၀ ထပ်မံ ၀ယ်ယူသွားမယ်လို့ စည်ပင်ဝန်ကြီးက ဆိုပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024