ရခိုင့်သယံဇာတ ခွဲဝေသုံးစွဲခွင့်ရရှိရေး ကြိုးပမ်းမည်ဟု ဒေါက်တာအေးမောင် ပြော
DVB
·
April 2, 2017

ရခိုင်ပြည်မှ ထွက်တဲ့ သယံဇာတတွေ ခွဲဝေသုံးစွဲခွင့်ရရှိရေး ကြိုးပမ်းသွားမယ်လို့ အနိုင်ရလွှတ်တော်အမတ် ဒေါက်တာအေးမောင်က ကတိပြုပြောဆိုလိုက်ပါတယ်။
ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် အမ်းမြို့နယ်ကော်မရုံးမှာ သတင်းထောက်တွေအမေးကို ဒေါက်တာ အေးမောင်က အခုလိုပြန်လည်ဖြေဆိုခဲ့တာပါ။
“ရခိုင်ပြည်နယ်ထွက် သယံဇာတတွေ အကျိုးခံစားခွင့်ပြန်လည်ရရှိဖို့ ပါလီမာန်အတွင်းမှာ တိုက်ပွဲဝင်သွားမယ်။ ဘယ်လောက်များ တိုင်းရင်းဒေသတွေမှာ သယံဇာတတွေကို ယူသွားပြီလဲ။ တိုင်းရင်းဒေသတွေကို ပြန်လည်တည်ဆောက်ဖို့ ဘယ်လောက်များပေးလို့လဲ။ မျှတရဲ့လား။ ဒါတွေလုပ်ဖို့ ပါလီမာန်ပြည်ထောင်စုက အရေးကြီးလာပြီ။”
ဒါ့အပြင် aဒါက်တာတာအေးမောင်က တမိုင်လောက်ရှိတဲ့ လမ်းတလမ်းကို လက်ဖြန့်တောင်းနေရုံနဲ့ လွှတ်တော်အမတ် တာဝန်မကျေဘူးလို့ဆိုပါတယ်။
“လွှတ်တော်အမတ်တဦးရဲ့ တာဝန်လုပ်ပိုင်ခွင့် အားလုံးသဘောပေါက်ပါတယ်။ လက်ရှိပါလီမာန်မှာ လွတ်တော်အမတ်တွေဘာတွေလုပ်နေလဲ။ တမိုင်လောက်ရှိတဲ့လမ်းတလမ်းကို လက်ဖြန့်တောင်းနေရုံနဲ့ လွတ်တော် အမတ်တာဝန်မကျေဘူး။ ကျောင်းတကျောင်းဖြစ်ဖို့ လွှတ်တော် အမတ်လုပ်တာ မဟုတ်ဘူး။လမ်းတမ်းဖြစ်လာဖို့ လွှတ်တော်အမတ်လုပ်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်နယ်တခုလုံး ဒုက္ခဘယ်လောက်ခံနေရသလဲ။ ကျနော်တို့ ပြည်နယ်ကနေ ယူသွားတဲ့ သယံဇာတတွေ ဘယ်လောက်လဲ၊ ဘယ်နှပုံများ ကျနော်တို့တို့ကို ပေးလဲ။ ၁၀၀ ရာခိုင်းနှုန်းဆို ကျန်ာတို့ကို ၁ ရာခိုင်နှုန်းပေးလား။”
အခုအရွေးချယ်ခံခဲ့ရတဲ့အတွက် အမ်းတမြို့နယ်သာမက ရခိုင်ပြည်နယ်အတွက် အစွမ်းကြိုပမ်းသွားမယ်လို့ ဒေါက်တာ အေးမောင်က ပြောဆိုပါတယ်။
အမ်းမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီအေအန်ပီက မဲရလဒ် ၂၁၇၉၄ ရရှိခဲ့ပြီး ကြံ့ခိုင်ပါတီက ၁၁၅၄၅ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၉၀၈၈ မဲ၊ တသီးပုဂ္ဂိုလ်လ ၁၈၇၇ မဲရရှိခဲ့တာပါ။
ရခိုင်ပြည်နယ် အမ်မြို့နယ်မှာ မဲရုံပေါင်း ရပ်ကွက် ၁၃၇ ခု၊ ကျေးရွာ အုပ်စု ၂၉ အုပ်စု မဲရုံတွေထဲမှာ တပ်တွင်း မဲရုံ ၁၄ ရုံ ပါဝင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၅၈၀၀ ကျော်ရှိပါတယ်။
ဒေါက်တာအေးမောင်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။