Home
ဆောင်းပါး
အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က ကျနော်တို့အတွက် ဘာတွေများ လုပ်ပေးနိုင်မလဲ
DVB
·
November 28, 2016
မစ္စတာဒေါနယ်လ်ထရမ့်က အံ့သြစရာကောင်းလောက်အောင် ပြိုင်ဘက် မစ္စဟီလာရီ ကလင်တန်ကို အနိုင်မရသေးခင် နာရီပိုင်းအလို ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ The Diplomat မဂ္ဂဇင်းက သူ့ရဲ့ အာရှရေးရာမူဝါဒ ဘယ်လိုရှိမလဲလို့ မေးမြန်းလာတာကို ဖြေကြားလိုက်ပုံကတော့ အတော်သင်းတယ်လို့ ပြောရမှာပါပဲ။ သူက “သံတမန်တွေကို ကျနော်ပြောခဲ့သလိုပဲ ပြောပါရစေ။ ကျနော်တို့က ကျနော်တို့ ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး အလေးအနက်ထားပါတယ်။ အဲဒီလိုပဲ ကျနော်တို့ လုပ်မှာတွေမှာလည်း ပျော့ပျောင်းမှု ရှိမှာပါ” လို့ အဖြေပေးသွားခဲ့တာ တွေ့ရပါတယ်။ အခုတော့ အမေရိကန်နိုင်ငံသားတွေက ထရမ့် ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ပြောခဲ့တာတွေက အရေးမကြီးပါဘူး။ သူ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေ နည်းပါးတာတွေကိုလည်း မေ့ထားလိုက်ပြီး ၁၉၄၈ က အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း ထောမတ် အီး ဒူးဝီကို ဟာရီထရူးမင်းက အနိုင်ရလိုက်တဲ့ အမေရိကန်သမိုင်းရဲ့ အကြီးဆုံး ရွေးကောက်ပွဲ စိတ်ပျက်ဝမ်းနည်းရမှုအပြီးမှာ ပထမဆုံး ပြန်ဖြစ်လာတဲ့ ရွေးကောက်ပွဲ စိတ်ပျက်ဝမ်းနည်းရမှု အခြေအနေအတွင်း ထရမ့်ပြောခဲ့တဲ့ စကားတွေဟာ ဘယ်အတိုင်းအတာ အထိ လက်တွေ့လုပ်ရပ် ဖြစ်လာလေမလဲဆိုတာကို အလောတကြီး သုံးသပ်နေရပြီ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အာရှအပေါ် ချည်းကပ်ပုံချည်းကပ်နည်းကိုလည်း အံ့သြစရာ မရှိအောင်ကို လူတွေက စိတ်ဝင်စားခဲ့တယ်လို့ ပြောရမယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့် ထရမ့်ရဲ့ ကမ္ဘာ့အမြင်နဲ့ပတ်သက်တဲ့ သမားရိုးကျအမြင်ကတော့ တကယ်လို့ သူ့ရဲ့ အမြင်တွေကို တကယ်အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ဒုတိယကမ္ဘာစစ် ကာလအပြီး အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကွဲလွဲသွားလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဘယ်လောက် အတိုင်းအတာတခုအထိ ဖြစ်လာနိုင်မလဲ ဆိုတာကတော့ မသေချာလှသေးပါဘူး။ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတခုမှာ ထရမ့်က စစ်အေးတိုက်ပွဲလွန်ကာလ အမေရိကန်နိုင်ငံခြားရေးမူဝါဒဟာ အထိန်းအကွပ်မဲ့ စိတ်မချရ၊ မထိရောက်တဲ့ မူဝါဒသာဖြစ်တဲ့အကြောင်း ပြောကြားခဲ့တာလည်းရှိတယ်လို့ ဆိုပါတယ်။ ထရမ့်ရဲ့ မဟာမိတ်တွေအပေါ်၊ လွတ်လပ်တဲ့ ကုန်သွယ်မှုအပေါ်မှာ သူ့ရဲ့သံသယရှိမှုတွေနဲ့ ရုရှားနဲ့ တရုတ်လို အာဏာရှင်နိုင်ငံတွေနဲ့ အဆင်ပြေပြေဆက်ဆံမယ့် သဘောထားတွေကတော့ အများစိတ်ဝင်စားတဲ့ သတင်းတွေအဖြစ် ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ တိတိကျကျ အကဲဖြတ်ဖို့ ခက်ခဲနေတဲ့ အခြေအနေမှာပဲ ရှိနေတယ်လို့ ဆိုရပါမယ်။ စီးပွားရေးလုပ်ငန်းရှင် တယောက်ဖြစ်တဲ့ ထရမ့်အဖို့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေကို အသေအချာ လေ့လာဆည်းပူး ဝေဖန်သုံးသပ်နိုင်ပါ့မလား။ အဲဒီလို အနည်းဆုံး ခြုံငုံလေ့လာနိုင်တဲ့ အခြေအနေရော ရှိခဲ့ရဲ့လား။ အပေါ်ယံ မြင်သာတဲ့ ချို့ယွင်းအားနည်းချက်တွေ အပေါ်မှာပဲ တဘက်က အတိုက်အခံ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကို ထိုးနှက်တိုက်ခိုက်နိုင်ရုံပဲ လေ့လာခဲ့ ဝေဖန်သုံးသပ်ခဲ့လေသလား ဆိုတာကတော့ မကြာမတင်မှာ တွေ့လာတော့မှာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြံပေးအရာရှိ ဝါလစ်ဖားရက်စ်ကတော့ ထရမ့်ရဲ့ အဓိကစိုးရိမ်မှု ၂ ခုကဟာ အိုင်အက်စ်တွေ ထကြွ အားကောင်းလာတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ အီရန်နဲ့ မြောက်ကိုရီးယားက ဖန်တီးနေတဲ့ စိန်ခေါ်မှုတွေအရ နျူကလီးယား မပြန့်ပွားရေးကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။ သူကတော့ အဲဒီ ၂ ခုဟာ အမေရိကန်သမ္မတရဲ့ရှေ့မှာ လုပ်ဆောင်မယ့် ထိပ်တန်း အချက် ၂ ခုပဲ ဖြစ်တယ်လို့လည်း သုံးသပ်ပါတယ်။ တော်လှန်ပြောင်းလဲရေးဝါဒီ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ စိန်ခေါ်မှုဟာ ခုချိန်မှာ အရေးတကြီး လုပ်ရမယ့်ကိစ္စထက်တောင် ပိုပြီး အရေးကြီးနေတယ်လို့ သူ ယုံကြည်ထားတယ်လို့ သူ့မိန့်ခွန်းတွေမှာ မကြာခဏ ပြောကြားခဲ့တာ တွေ့ရပါတယ်။ ဖားရက်စ် ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေတာကို ဖော့စ်ခ်သတင်းဌာနကို ဧပြီလက ပြန်လည်ဖြေကြားမှုမှာ သူက ထရမ့်က မော်စကိုနဲ့ ဘေဂျင်းအပေါ် သဘောထား ပျော့ပျောင်းမှုကို ပြနေတာက အစ္စလာမ္မစ်ဝါဒီတွေရဲ့ ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေးစစ်ပွဲတွေကို သူက လောလောလတ်လတ် ခြိမ်းခြောက်လာနေတဲ့ ခြိမ်းခြောက်မှုအဖြစ် ထရမ့်က မြင်ခဲ့တယ်လို့ ပြောသွားပါတယ်။ အဲဒီကိစ္စကို ဖြေရှင်းဖို့မှာ အမေရိကန်နိုင်ငံရဲ့ ပြိုင်ဘက်နိုင်ငံတွေရဲ့ အကူအညီကိုပါ လိုအပ်မှာ ဖြစ်တယ်လို့လည်း သူက ယုံကြည်ထားခဲ့တယ်လို့လည်း သူက ဖြေကြားသွားပါတယ်။ သူက အရှင်းလင်းဆုံး ရေးသွားတာကတော့… မစ္စတာထရမ့်က ကျနော်တို့အားလုံးရဲ့ ဘုံရန်သူ အစ္စလာမ္မစ်တွေရဲ့ ဘာသာရေး စစ်ပွဲတွေကို ပိုပြီး အလေးထားလို့ ရုရှားနဲ့ တရုတ်တို့အပေါ် တင်းမာမှုကို လျှော့ချဖို့ ပိုပြီး အလေးထားတာက ရှင်းပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဖားရက်စ်က ထရမ့်ဟာ လက်တွေ့ဝါဒီတယောက် ဖြစ်တယ်ဆိုတာကို ထောက်ခံ ဆွေးနွေးသွားတဲ့ အချက်ကတော့ ထရမ့်ဟာ တရုတ်ကို မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်ကို ထိန်းသိမ်းဖို့ အားပေးတဲ့အနေနဲ့ စီးပွားရေး အရှိန်သြဇာကိစ္စမှာ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့လည်း ဝန်လေးနေလိမ့်မယ် မထင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဧပြီလ ၂၈ ရက်နေ့ စီအင်အိုင်မှာ ပြောကြားခဲ့တဲ့ သူ့မိန့်ခွန်းအရ မစ္စတာဒေါ်နယ်လ်ထရမ့်က သူ့အနေနဲ့ အမေရိကရဲ့ နေတိုးအဖွဲ့ကြီးနဲ့ အာရှ မဟာမိတ်တွေကို အစည်းအဝေးကြီးတခုကို ခေါ်ယူကျင်းပသွားမှာဖြစ်ပြီး အဲဒီ အစည်းအဝေးကြီးကနေ ဘဏ္ဍာရေး ဆောင်ရွက်ချက်တွေကို ပြန်ပြီး ဟန်ချက်ညီအောင်နဲ့ ဘုံစိန်ခေါ်ချက်တွေကို ကိုင်တွယ်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ဆွေးနွေးပြောဆိုနိုင်ကြမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အမေရိကရဲ့ အရှေ့တောင်အာရှ မဟာမိတ်တွေနဲ့ ပတ်သက်လို့ကတော့ သိတာ အတော်နည်းပါတယ်။ စိတ်ဝင်စားစရာကောင်း၊ စောင့်ကြည့်စရာကောင်းတဲ့ ဆက်ဆံရေးကတော့ ဖိလိပင်းတွေဟာ တကယ်တော့ အမေရိကန်ပြည်ထောင်စုဆီက ဘာမှ များများစားစားရခဲ့တာ မရှိတဲ့အတွက် ကာကွယ်ရေးအရ ဆက်ဆံနေတာတွေရဲ့ တချို့အစိတ်အပိုင်းတွေကို ဖြတ်တောက်သွားမယ်လို့ အတိအလင်း ပြောကြားခဲ့တဲ့ ဖိလိပင်းသမ္မတ ရိုဒရီဂို ဒူတာတီနဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ ဒူတာတီက သူ့ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးကို ဝေဖန်ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို ပစ်ပစ်ခါခါ ဆဲရေးတိုင်းထွာခဲ့တဲ့သူ ဖြစ်ပါတယ်။ ထရမ့်ကတော့ ဒီအချက်ကို အမိအရဖမ်းပြီး ဒူတာတီရဲ့ အေးစက်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးကို ပြေလျှော့စေသလို တရုတ်နဲ့ ဆက်ဆံရေးကို ပိုပြီး နွေးထွေးအောင် လုပ်လာမယ်လို့ ယူဆရပါတယ်။ တဘက်မှာတော့ သြစတြေးလျက သြစတြေးလျနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ အခြေချထားမှုအပေါ် လိုလိုလားလား ရှိနေတာကို တွေ့ရပြီး ဒီကိစ္စပေါ်မှာ အသေအချာ မသိနိုင်သေးပေမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်အနေနဲ့ ဒီကိစ္စကို ဘယ်လိုစဉ်းစားလိမ့်မယ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်နိုင်ငံရဲ့ အကျိုးဖြစ်ထွန်းရရှိမှုအပေါ် တုံ့ပြန်ဆောင်ရွက်မှု မအောင်မြင်ခဲ့တာကို အပြစ်တင်ခံခဲ့ရသလို အမေရိကန်နိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှက ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေအပေါ် ဆက်ဆံရေးဟာ ကျနော်တို့ တွေ့ပြီးခဲ့တဲ့နှစ်တွေက အခြေအနေထက် ပိုပြီးရန်လိုလာတဲ့ ဆက်ဆံရေးတွေ အပေါ်မှာလည်း သမ္မတ အိုဘားမားတယောက် အပြစ်တင်ခံခဲ့ရပါတယ်။ ဒီလို သူ့အရင်သမ္မတ ဘားရတ်အိုဘားမား လက်ထက်က အရှေ့တောင်အာရှ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို သမ္မတသစ် မစ္စတာဒေါ်နယ်လ်ထရမ့်အနေနဲ့ ဘယ်လိုကိုင်တွယ်သွားမှာပါလဲ။ သူ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ခဲ့တုန်းက ကတိပေးခဲ့တဲ့ ကတိစကား ၅၀ လောက်ထဲက ထိပ်တန်းကတိစကား ၁၀ ခုကိုရော ကတိအတိုင်း လုပ်ဆောင်မှာပါလား ဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်လေ့လာရဦးမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရှေ့က အကျင့်ပျက် ကိုယ်ကျိုးရှာခဲ့ကြတဲ့ နိုင်ငံရေးသမားတွေလို ကမ္ဘာတဝန်း ဖြစ်စဉ်တွေကို ကိုယ့်အရေးလို ထည့်သွင်းဆွေးနွေးပြောဆိုတာ လုပ်လေ့မရှိဘဲ အမေရိကန်ပြည်ထောင်စုအတွက် သူ အကောင်းဆုံး ဘာလုပ်ပေးမယ် ဆိုတာကိုပဲ အဓိကပြောဆိုသွားတယ်လို့ လေ့လာသူတွေက ပြောဆိုခဲ့ကြပါတယ်။ သူ့ရဲ့မိန့်ခွန်းတခုမှာ သူက “ကျနော်က ကမ္ဘာ့သမ္မတဖြစ်ဖို့ ယှဉ်ပြိုင်နေတာ မဟုတ်ပါဘူး။ ကျနော်က အမေရိကန်သမ္မတ ဖြစ်လာဖို့ ယှဉ်ပြိုင်နေတာပါ။ အဲဒါဟာပဲ ကျနော်တို့ အလေးပေး ဂရုစိုက်ရမယ့်ကိစ္စ ဖြစ်ပါတယ်” လို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလကတည်းက ပြောကြားထားပြီး ဖြစ်ပါတယ်။ နိုင်ငံတကာကိစ္စ၊ နိုင်ငံတကာအရေးတွေအပေါ်မှာ သူ့အနေနဲ့ တိုက်ရိုက်တာဝန်ရှိလိမ့်မယ် မဟုတ်ဘူးလို့ ပြောထားခဲ့တဲ့ အမေရိကန်သမ္မတ တယောက်ဆီက ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် ဘာများ မျှော်လင့်လို့ ရနိုင်ပါမလဲ။ ကိုယ့်ကိစ္စ ကိုယ် တာဝန်ယူနိုင်ကြဖို့သာ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024