Home
မြန်မာသတင်း
အရှေ့လေပွေလှိုင်းကြောင့် မုန်တိုင်းတလုံးဖြစ်နိုင်ဟု ဒေါက်တာ ဦးထွန်းလွင်ခန့်မှန်း
DVB
·
October 25, 2016
အရှေ့လေပွေလှိုင်းတခုကြောင့် ခုရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း တစ်လုံးဖြစ်လာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီ ၃၇ မိနစ်အချိန် ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။ ထိုင်းပင်လယ်ကွေ့မှာ အစပျိုးခဲ့တဲ့ လေထုမတည်ငြိမ်မှုတခုဟာ လှိုင်းတခုအနေဖြင့် အနောက်မြောက်ဖက်သို့ စတင်ရွေ့လျှားလာပြီး အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အတွင်း မြန်မာနိုင်ငံကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေက တဆင့် ရခိုင်ပြည်နယ်ကိုဖြတ်သန်းပြီးနောက် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း အတွင်းသို့ သက်ဆင်းသွားသောအခါ ပြန်လည်အားပျိုးလာပြီး မုန်တိုင်းငယ်တစ်ခုဖြစ်လာ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံ မိုးနှောင်းနဲ့ မိုးလွန်ကာလမှာ တောင်တရုတ်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ဘက်မှ လေပွေလှိုင်းတွေ မြန်မာပြည်ဘက်ကို မကြာမကြာလာတတ်တယ်လို့လည်း အရှေ့ လေပွေလှိုင်းတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးထွန်းလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရှင်းပြထားပါတယ်။ မိုးဇလဌာနရဲ့ ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ယနေ့မြန်မာစံတော်ချိန် (၁၃း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်ဟာ အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ၊ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT) အဖြစ်သို့ ရောက်ရှိသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024