Home
မြန်မာသတင်း
နေပြည်တော်ကို ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု မြင့်တက်
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 29, 2016
နေပြည်တော်ကို ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု မြင့်တက်လာတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ "ဟိုအရင်တုန်းက နေပြည်တော်ကို Tourist Site အနေနဲ့ မသတ်မှတ်ထားဘူးလေ။ နောက်ပိုင်းမှာသာ နေပြည်တော်ကို Tourist attraction အနေနဲ့ သတ်မှတ်ပါတယ်" လို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောပါတယ်။ နေပြည်တော်မှာ ဌာနဆိုင်ရာဆွေးနွေးပွဲတွေ၊ စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ ဈေးရောင်းပွဲတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေနဲ့ အခြားဆွေးနွေးပွဲတွေကိုလည်း ဟိုတယ်တွေမှာ ပြုလုပ်လာကြပါတယ်။ နေပြည်တော်မှာ လုပ်ငန်းကိစ္စတွေနဲ့ လာရောက်ကြတဲ့ နိုင်ငံခြားသားတွေ၊ လေ့လာရေးအဖြစ် လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ လွှတ်တော်၊ ဥပ္ပါတသန္တိ (ရွှေတိဂုံ စေတီတော်ပုံတူ) စေတီတော်၊ သတ္တာဟ သတ္တဌာန (ဗုဒ္ဓဂါယာပုံစံတူ)၊ ရေပန်းဥယျာဉ်နဲ့ မြို့မဈေးတွေကို လည်ပတ်ကြတယ်လို့ သိရပါတယ်။ နေပြည်တော်မှာ ဟိုတယ် ၆၄ လုံးရှိပီး အခန်းပေါင်း ၅၁၅၉ ခန်း ရှိပါတယ်။ ရန်ကုန်မြို့မှာကတော့ ဟိုတယ်ပေါင်း ၃၄၆ လုံးရှိကာ အခန်းပေါင်း ၁၆၇၈၃ ခန်းရှိတယ်လို့ သိရပါတယ်။ မြန်မာတနိုင်ငံလုံးအနေနဲ့ကတော့ ဟိုတယ်ပေါင်း ၁၃၇၂ လုံးရှိပြီး အခန်းပေါင်း ၅၃၈၀၂ ခန်း ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပုဂံ၊ ညောင်ဦး၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး အပါအဝင် ကမ္ဘာလှည့် ခရီးသွားတွေကို စိတ်ဝင်တစား ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ထားတဲ့ နေရာ ၂၁ နေရာ ရှိပြီးတော့ အဲ့ဒီထဲမှာ နယ်မြေလုံခြုံငြိမ်းချမ်းမှုမရှိတဲ့ နေရာ ၅ နေရာရှိတယ်လို့လည်း သိရပါတယ်။ "ဒီမှာ နိုင်ငံခြားသားတွေ စိတ်ဝင်းစားပြီး လည်ပတ်တဲ့ နေရာတွေကတော့ အများကြီးပေါ့။ တချို့နေရာတွေက ဝေးလံခေါင်ဖျားတဲ့နေရာ၊ တချို့နေရာတွေက ငြိမ်းချမ်းရေးမရသေးတဲ့ နယ်မြေတွေမှာ ဖြစ်နေပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ လိုပါတယ်" လို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလကနေ ဩဂုတ်လအထိ ၅ လတာ တိုးတက်မှုကတော့ ဟိုတယ်လုပ်ငန်း ၈ ရာခိုင်နှုန်း၊ Tourism ကုမ္ပဏီလုပ်ငန်း ၂၄ ရာခိုင်နှုန်း၊ တိုးအော်ပရေတာလုပ်ငန်း ၃၁၈ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးလုပ်ငန်း ၅၀၀ ရာခိုင်နှုန်းနဲ့ တိုးရစ်ဂိုက် ၁၃ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက သိရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024