Live
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ သယံဇာတကို ရခိုင်ပြည်သူများအား စီမံခွင့်ပေးရန် တောင်းဆို
နော်နိုရင်း
·
September 12, 2016
ရခိုင်ပြည်နယ်မှာရှိတဲ့ သယံဇာတတွေနဲ့ မြေယာတွေကို စီမံဆုံးဖြတ်ပိုင်ခွင့်ပေးဖို့ ရခိုင်ပြည်နယ်က သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ရခိုင်လူထု ၃ သိန်းရဲ့ သဘောထားဆန္ဒ လက်မှတ်တွေ ကောက်ခံ တောင်းဆို လိုက်ပါတယ်။ ဒီကနေ့ ရန်ကုန် ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်မှာ သတင်းစာရှင်လင်းပွဲပြုလုပ်တောင်းဆိုလိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်က ထွက်တဲ့ သံယံဇာတအကျိုးကို ရခိုင်လူထုက မခံစားရတဲ့အတွက် တောင်းဆိုတာလို့ အဖွဲ့ရဲ့ ဦးဆောင်ကော်မီတီဝင် ဦးကြည်ထွန်းက ပြောပါတယ်။ “ကျနော်တို့ရခိုင်ပြည်မှာ သံယံဇာတတွေ အများကြီးပေါကြွယ်ဝတယ်။ မြေသယံဇာတ၊ ရေထွက်သယံဇာတတွေရှိတယ်။ သစ်တောသယံဇာတတွေရှိတယ်။ နောက် နေပူတောင်လိုမှာ ကျောက်သယံဇာတတွေ ရှိတယ်။ နိုင်ငံအတွက် ၀င်ငွေအလွန်ကောင်းတဲ့ ရွှေဂက်စ်စီမံကိန်းလို စီမံကိန်းမျိုးတွေလည်းရှိတယ်။ လက်ရှိအချိန်မှာ ကျနော်တို့ ဒီရခိုင်ပြည်က ရွှေဂက်စ်က နိုင်ငံအတွက် အတော်လေးဝင်ငွေကောင်းတဲ့ စီမံကိန်းတခုပေါ့နော်။ အဲဒီစီမံကိန်းကို ကျနော်တို့ ရခိုင်ပြည်နယ်က ထုတ်ယူပါလျက်နဲ့ ရခိုင်လူထုအတွက် အကျိုးခံစားခွင့် ဘာမှမရှိဘူး။ သယံဇာတကို ကျနော်တို့ ရခိုင်လူထုက ပေးဆပ်လိုက်ရပေမယ့် ရခိုင်လူမျိုးအတွက် သိပ်အကျိုးရှိတာ မတွေ့ရဘူး။” ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးဆောင်ပြီး ဇွန် ၁ ရက် ကနေ သြဂုတ်လကုန်အထိ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က လုထုတွေရဲ့ ဆန္ဒပြုလက်မှတ် ၃ သိန်းကိုေ ကာက်ခံထားပြီး လက်မှတ်တွေကို ဒီလမကုန်ခင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန တွေထံ ပေးပို့တောင်းဆိုသွားဖို့ရှိနေပါတယ်။ ရခိုင်သယံဇာတကို စီမံခန့်ခွဲခွင့်ရမယ်ဆိုရင် လိုအပ်သလောက်သာရောင်းပြီး အဘက်ဘက်က နိမ့်ကျနေတဲ့ ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက် အသုံးချမှာဖြစ်လို နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း ထားခဲ့ရ မယ့်အရာတွေ လည်းရှိနေတယ်လို့ ဆိုပါတယ်။ “ရခိုင်တွေစီမံခန့်ခွဲခွင့်ရတယ်ဆိုတိုင်း ကျနော်တို့ ဒီသံယံဇာတတွေအကုန်လုံးကို ထုတ်ရောင်း ချင်မှ ရောင်းမယ်။ မရောင်းချင်လည်း မရောင်းဘူး။ ဒါပေမယ့် ကျနော်တို့မှာရှိတဲ့ မြေယာနဲ့ သယံဇာတအာလုံးကို မူလပိုင်ရှင်တွေပဲ ပိုင်ဆိုင်သင့်တယ်ဆိုတာကို ကျနော်တို့ ဖက်ဒရယ်စနစ် အရ ဒါကို အဓိက ပြောချင်တာပါ။ ”လို့ ရခိုင်ကွန်ရက်က ဦးကြည်ထွန်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၂၅ ကွက်ရှိတဲ့အနက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃-၂၀၁၄-ခုနှစ်မှာ ကမ်းလွန်လုပ်ကွက် ၉ ခုကို ရခိုင်လူထု ဆန္ဒမပါဘဲ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေကို တူးဖော်ထုတ်လုပ်ခွင့်ပြုထားခဲ့ပြီး စမ်းသပ်ရှာဖွေတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ သူတိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ကမ်းလွန်လုပ်ကွက်လုပ်ခွင့်ရ ပြည်ပကုမ္ပဏီတွေထဲမှာ အမေရိန်ကန်အခြေစိုက် (Chevron, Conocophillip)၊ နယ်သာလန်က Royal Dutch Shell Plc ၊ နော်ဝေက Statoil ၊ အင်္ဂလန် အခြေစိုက်Ophir Energy ၊ BG Asia Pacific Pte Ltd နဲ့ ဂျပန်အခြေစိုက် Mitsui Oil Exploration Co. Ltd (MOECO) တို့ ပါဝင်ပါတယ်။ ၂၀၁၆ အစောပိုင်းက ရခိုင်ကမ်းနီးလုပ်ကွက် A6 နှင့် ကမ်းလွန်လုပ်ကွက် AD7 တို့မှာ သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိထားပြီး ယခုလက်ရှိ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနေတဲ့ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ အကျိုးအမြတ်တွေကို ရခိုင်ပြည်သူတွေ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့် မရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လယ်ယာမြေဆုံးရှုံးမှုတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေကိုသာ ဘေးထွက်ဆိုးကျိုးတွေအဖြစ် စီမံကိန်း နယ်မြေရှိ ရခိုင်ပြည်သူလူထုက ခံစားနေကြရတယ်လို့လည်း ရခိုင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024