Live
Home
မေးမြန်းခန်း
တိုက်ပွဲနေ့တိုင်းရှိတဲ့အပေါ် ဗမာနိုင်ငံမှာ ငြိမ်းချမ်းရေးရှိတယ် ပြောလို့မရဘူး - နော်စီဖိုးရာစိန်
DVB
·
May 26, 2016
ကရင့်အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်၊ နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာများ၊ ၂၁ ရာစု ပင်လုံညီလာခံကိစ္စ၊ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ပထမဦးဆုံးအနေနဲ့ ကရင့်အမျိုးသား နှီးနှောဖလှယ်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါ။ ဖြေ - ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆွေးနွေးပွဲ အတွက်ပေါ့ ကျမတို့ ပြင်ဆင်မှုဖြစ်တယ်။ ကျမတို့ ပြင်ဆင်မှုကတော့ ဒီကဏ္ဍငါးခုအပေါ်မှာ ကျမတို့ ပြင်ဆင်ပြီးတော့၊ ဒါကတော့ ကေအန်ယူတခုတည်း မဟုတ်ဘဲနဲ့ ကရင်အဖွဲ့အစည်းတွေလည်း ကျမတို့ ဖိတ်ပြီးတော့ ဆွေးနွေးတာဖြစ်တယ်။ မေး - တက်ရောက်ဆွေးနွေးတဲ့ အဖွဲ့အစည်းတွေကော ဘယ်ကအဖွဲ့အစည်းတွေ ဖိတ်ကြားထားလဲ။ ဘယ်လိုမျိုးလဲဆိုတာ ပြည်သူလူထုကို နည်းနည်းလေး ပြောပြပေးပါဦးခင်ဗျ။ ဖြေ - ကျမတို့ ဖိတ်ကြားတဲ့ အဖွဲ့အစည်းကတော့ ကရင်ပါတီ အဖွဲ့အစည်းဖြစ်တယ်။ ပြီးတော့ ကေယူပီစီပေါ့။ ကရင်မှာ သူတို့ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့။ ကျမတို့ ဖွဲ့ထားတာဖြစ်တယ်။ ဒီလူမှုအဖွဲ့အစည်းပေါ့။ လူမှုအဖွဲ့အစည်း ဖွဲ့စည်းထားတယ်။ Karen Peace Supporting Team ပေါ့ ကျမတို့ ဖိတ်ကြားတာဖြစ်တယ်။  တချို့တွေကတော့ လူမှုအဖွဲ့အစည်း လုပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ အမျိုးသမီးအဖွဲ့အစည်းတွေလည်း ပါတယ်။ လူငယ်အဖွဲ့အစည်းတွေလည်းပါတယ်။ မေး - အကောင်းဆုံးဆွေးနွေးချက်က ဘာတွေရလဲ။ ဖြေ - အကောင်းဆုံး ဆွေးနွေးချက်ကတော့ ဒီကဏ္ဍငါးခုစလုံးကတော့ အားလုံးက စိတ်ပါဝင်စားပြီးတော့ ဆွေးနွေးကြတာဖြစ်တယ်။ အဲဒီ ဆွေးနွေးချက်အပေါ်မှာလည်း စိတ်ဝင်စားမှုတွေကတော့ အရေးကြီးတဲ့ အချက်အလက်တွေ ရှိတဲ့အပေါ်မှာ အားလုံးကလည်း အကောင်းဆုံး ဆွေးနွေးချက်မှာ ရှိတယ်။ တခုကတော့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ လူတွေက ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဆွေးနွေးမှုကို ပိုပြီးတော့ အားတက်သရောဖြစ်တယ်။ အရေးကြီးတာကတော့ ဒါကတော့ ထိထိရောက်ရောက် ရှိဖို့အတွက်ပေါ့။ နိုင်ငံရေး ရည်မှန်းချက် ရောက်ရှိနိုင်ဖို့အတွက် ကိုယ်စားလှယ်တွေ အဖွဲ့တွေ ပါဝင်တဲ့ အစုအဖွဲ့တွေအားလုံး တက်တက်ကြွကြွ ပါဝင်ပြီးတော့ ဆွေးနွေးကြတာရှိတယ်။ မေး - အခုလက်ရှိမှာဆိုရင် ကရင်ပြည်နယ်က ငြိမ်းချမ်းရေး ရရှိသလို ဖြစ်နေပြီပေါ့။ ငြိမ်းချမ်းရေးလမ်းကို လျှောက်နေပြီပေါ့နော်။ ကျန်တဲ့ တိုင်းရင်းသားဒေသ ဥပမာ ရှမ်းပြည်နယ်ပေါ့နော်။ ပလောင်တို့၊ ရှမ်းတို့၊ ကချင်တို့ တိုက်ပွဲဖြစ်နေဆဲပေါ့နော်၊ ဒီအပေါ် ဘယ်လိုမြင်မိပါလဲ။ ဖြေ - ကျမတို့အမြင်ကတော့ ကရင်ပြည်နယ်က ငြိမ်းချမ်းရေး ရရှိပြီလို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် ပြောလို့ရတာ တခုကတော့ တိုက်ပွဲတွေမဖြစ်၊ တိုက်ပွဲတွေ လျော့နည်းတယ်လို့တော့ ပြောလို့ရတယ်ပေါ့။ ပြည့်ပြည့်စုံစုံ ငြိမ်းချမ်းရေးရပြီလို့တော့ ပြောလို့မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ငြိမ်းချမ်းရေးရတာကတော့ အကွက်အကွက်နဲ့ ရတာ မဖြစ်နိုင်ဘူးပေါ့။ ငြိမ်းချမ်းရေးဆိုတာ တနိုင်ငံလုံးက ငြိမ်းချမ်းရေးရမှပဲ ငြိမ်းချမ်းရေးရတယ်လို့ပဲ ပြောလို့ရတယ်ပေါ့။ တနိုင်ငံလုံးမှာ ငြိမ်းချမ်းရေးမရသေးတာက တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ တိုက်ပွဲတွေ နေ့တိုင်းပဲရှိတဲ့ အပေါ်မှာက ဗမာနိုင်ငံမှာ ငြိမ်းချမ်းရေးရှိတယ်လို့ ပြောလို့မရဘူး။ မေး - ဟုတ်ကဲ့၊ ဒါကတော့ ငြိမ်းချမ်းရေး လမ်းစတခုလို့ ပြောလို့ရတယ်ပေါ့နော်။ ငြိမ်းချမ်းရေးလမ်းစတခု ပြောနိုင်သော်လည်း အခုတက်လာတဲ့အစိုးရက ငြိမ်းချမ်းရေးအစိုးရ၊ ဒီမိုကရေစီအစိုးရ ဆိုတော့လေ။ မြန်မာတနိုင်ငံလုံးမှာ ငြိမ်းချမ်းရေး အပြည့်အ၀ ရရှိဖို့ပေါ့နော်။ ဘာအတားအဆီးတွေ ဖြစ်နေလဲပေါ့။ ဖြေ - ဒါကတော့ တကယ်ကြည့်မယ်ဆိုရင် တက်လာတဲ့ အစိုးရကတော့ ပြည်သူရွေးထားတဲ့အစိုးရ ဖြစ်တယ်။ ဒီမိုကရေစီ အစိုးရလည်းဖြစ်တယ်။ ဒါပေမယ့် ဒီအစိုးရကတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်မှာပဲ သွားနေတဲ့ အခါမှာက စစ်ရဲ့အာဏာအောက်ထဲမှာ ရှိသေးတယ်။ အတားအဆီးကတော့ စစ်အာဏာမှာ အတားအဆီး ရှိနေသေးတယ်။ အခက်အခဲတခု ဖြစ်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာကတော့ နိုင်ငံရေးအပေါ်မှာရှိတယ်၊ အုပ်ချုပ်ရေးအပေါ်မှာ ရှိတယ်။ နိုင်ငံရေးအပေါ်မှာ စစ်အာဏာရှိတာကတော့ ဒီလွှတ်တော်မှာလည်း တပ်မတော်က ၂၅ ရာခိုင်နှုန်း အထက်လွှတ်တော်၊ အောက်လွှတ်တော် ပါပြီးတဲ့အခါမှာ နိုင်ငံရေးဆုံးဖြတ်ချက် ချတဲ့အခါမှာ အခက်အခဲတခုရှိတယ်။ အုပ်ချုပ်ရေးနဲ့ ကြည့်မယ်ဆိုရင် အရေးကြီးတဲ့ Administration သုံးခုပေါ့လေ။ တပ်မတော်က ကိုင်ထားတဲ့ အပေါ်မှာကတော့ ဒါက အုပ်ချုပ်ရေးပိုင်း ကြည့်မယ်ဆိုရင် စစ်တပ်လက်အောက်မှာပဲ ရှိနေသေးတဲ့အပေါ်မှာ ဒါက အတားအဆီးဖြစ်တယ်။ တခုကတော့ ပြန်ကြည့်မယ်ဆိုရင် ဒီ ငြိမ်းချမ်းရေးသွားမယ့် လုပ်ငန်းစဉ်ကိုလည်း ကျမတို့ စိုးရိမ်မှုတော့ ရှိတာပေါ့။ စစ်တပ်ကတော့ လက်ရှိတက်လာတဲ့ အစိုးရသစ်ကို လက်တွဲမယ်ဆိုရင် မျှော်မှန်းနေတဲ့ အလားအလာတော့ ရှိနိုင်တယ်။ ဒါပေမယ့် စစ်တပ်က ဘယ်လောက် တက်လာတဲ့အစိုးရသစ်ကို ပါဝင်ပူးပေါင်းနိုင်မလဲဆိုတာ အဲဒါကတော့ ကြည့်ရဦးမယ်ပေါ့။ မေး - ဟုတ်ကဲ့၊ ကရင့်နှီးနှောဖလှယ်ပွဲကတော့ ငါးရက်တာ ကြာသွားပြီပေါ့။ အခုရလာတဲ့ ရလဒ်ကိုပေါ့နော် ဘယ်နေရာမှာ အသုံးချမလဲပေါ့။ ဘယ်လိုမျိုးနေရာကို သွားပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမလဲပေါ့။ ဖြေ - ရလာတဲ့ ရလဒ်တွေကတော့ ပြည်သူလူထုကို ချပြရမယ့် အဆင့်တဆင့်တော့ ရှိသေးတယ်။ ပြည်သူလူထုတွေကတော့ အားလုံးပေါ့လေ၊ ကရင်တမျိုးသားလုံး ပါဝင်နိုင်တဲ့ ကဏ္ဍအသီးသီးပေါ့လေ။ သူတို့ပါဝင်နိုင်ပြီးတော့ သူတို့လည်း အသိပေးဖို့၊ ညှိနှိုင်းဖို့ လိုအပ်တဲ့ အဆင့်တဆင့်ရှိတယ်။ အားလုံးအဆင့်တွေ ပြီးတဲ့အခါမှာတော့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကို ရောက်ရှိတဲ့အခါမှာ ဒါကို အသုံးပြုပြီးတော့ ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အထောက်အကူတခုဖြစ်တယ်။ မေး - အဲဒီ အထောက်အကူတခုကော ကရင်ပြည်သူအတွက် ဘယ်လောက်ထိ အထောက်အကူ အကျိုးရှိမလဲ။ ဖြေ - အကျိုးရှိတာကတော့ ပထမအဆင့်ကတော့ ပါဝင်တဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့အကြံဉာဏ်၊ သူတို့ရဲ့ပါဝင်မှု၊ သူတို့ရဲ့ ရှိနေတဲ့ အချက်အလက်တွေလည်း ပေးထားတာ ဖြစ်ပြီ။ နောက်တဆင့်ကတော့ ပြည်သူလူထုနဲ့ တဆင့်ပြီးတဆင့်ပေါ့ အဲဒါ ကျမတို့ သွားမယ်။ ညှိနှိုင်းတဲ့အဆင့်ရှိတယ်။ ညှိနှိုင်းတဲ့အဆင့် ရောက်ရင်တော့ ပါဝင်မှုကတော့ သူတို့ကိုယ်တိုင် ပါဝင်တဲ့အတွက်ကြောင့် အဲဒါကတော့ အားလုံးအတွက်ပဲ ဖြစ်နိုင်တယ်။ မေး - ၂၁ ရာစု ပင်လုံညီလာခံကိုရော ဘယ်လိုအမြင်သဘောထား ရှိလဲခင်ဗျ။ ဖြေ - ကျမအမြင်ကတော့ တက်လာမယ့် အစိုးရသစ်ရဲ့ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ကို သူက ချပြီးတော့ သွားရမယ့် အစီအစဉ်ဖြစ်တယ်။ မေး - ဟုတ်ကဲ့ ဘာကြောင့်ပါလဲ။ ဖြေ - အဲဒါကတော့ ပထမအချက်ကတော့ အရင်က သွားမယ့်အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ဘယ်လို ဆက်လက်ပြီးတော့ ဖော်ဆောင်ရမယ့် အစားပေါ့လေ။ အစိုးရအသစ်နဲ့ပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်နိုင်ဖို့အတွက်က သူတို့ အစည်းအဝေး ကျင်းပတဲ့ ညီလာခံတခုဖြစ်တယ်။ နောက်တခုကတော့ အဲဒါကလည်း အားလုံးပါဝင်နိုင်ဖို့အတွက် လက်မှတ်ထိုးတဲ့အဖွဲ့တွေလည်း ပါမယ်၊ လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်း ပါမယ်။ Space တခု ဖန်တီးလုပ်ဆောင်တဲ့ အရာတခု ဖြစ်တယ်ပေါ့လေ။ မေး - ဒီ ပင်လုံညီလာခံဆိုတော့ နှစ်ကြိမ်မြောက် ပင်လုံညီလာခံပေါ့နော်။ ပြီးခဲ့တဲ့ တကြိမ်မြောက် ပင်လုံညီလာခံကိုတော့ ၂၁ ရာစုတောင် ရောက်သွားပြီပေါ့နော်။ ဒီပင်လုံညီလာခံကို လက်ရှိအစိုးရ အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ထင်လား။ ဖြေ - အဲဒါကတော့ အားလုံးပါဝင်လာမယ်ဆိုရင်တော့ ကျင်းပနိုင်တာရှိမယ်။ ဒါပေမယ့် တခါတည်းတော့ မဖြစ်နိုင်သေးဘူး။ ဒါက အဆင့်ဆင့်တော့ ကျင်းပရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီညီလာခံကလည်း ဟိုအရင်က မပြီးဆုံးသေးတဲ့ ပင်လုံညီလာခံကို မပြီးဆုံးသေးတဲ့ ကတိက၀တ်တချို့ ရှိတယ်။ အဲဒါ အရေးကြီးတယ်။ အထူးသဖြင့်ပေါ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် တတတ်တအား ပါဝင်နိုင်ဖို့အတွက် တန်းတူရည်တူ ရှိတဲ့အတွက် အဲအချက်တွေရှိတဲ့ဟာပေါ်မှာလည်း အခြေခံပြီးတော့ ဆက်လက်သွားဖို့အတွက်ပဲဖြစ်မယ်လို့ ဒီလိုပဲမြင်တယ်ပေါ့။ မေး - ဟုတ်ကဲ့ ပင်လုံညီလာခံဆိုတာကတော့ တကယ့်ကြီးမားတဲ့ ပင်လုံစာချုပ်ပေါ့နော်။ အခုလက်ရှိဆိုရင်လည်း တိုင်းရင်းသားနယ်မြေထဲမှာလည်း တိုက်ပွဲတချို့ ရှိနေသေးတယ်။ တခြားတိုင်းရင်းသားတွေလည်း လက်မှတ်မထိုးနိုင်သေးဘူးပေါ့နော်။ ပင်လုံညီလာခံရဲ့ အတားအဆီး ဘာတွေဖြစ်လာနိုင်မလဲပေါ့။ ဖြေ - အတားအဆီးတခုကတော့ စစ်တပ်ရဲ့ တိုက်ပွဲတွေ ဖြစ်တဲ့အပေါ်မှာပေါ့နော်။ နိုင်ငံတခုလုံးမှာ အပစ်အခတ်ရပ်စဲရေး မရှိတဲ့အတွက်ကြောင့် အဲဒါကတော့ အတားအဆီးတခု ဖြစ်တယ်ပေါ့။ မေး - ဒီနေရာကနေပြီးတော့ ပြည်တွင်းမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေရောပေါ့။ အခြားတိုင်းရင်းသားတွေကိုရောပေါ့၊ နိုင်ငံခြားမှာရှိတဲ့ ကရင်ပြည်သူတွေကိုရော အခြားပြည်သူတွေကိုရော ဒီနေရာကနေ ဘာပြောချင်လဲပေါ့။ ဖြေ - ကျမပြောချင်တာကတော့ ကျမတို့သွားရမယ့်၊ ရှေ့သွားရမှာ အများကြီး လိုအပ်သေးတယ်။ အခုလောလောဆယ်မှာလည်း ကျမတို့ နိုင်ငံရေးဆွေးနွေးပွဲ ဘာမှ မစသေးဘူး။ ကျမတို့လည်း တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ရှိပေမယ့်လည်း လက်မှတ်ထိုးဖို့ အခွင့်မရှိတဲ့ အဖွဲ့တွေလည်း ရှိသေးတယ်။ ပြီးတော့ နောက်တချက်မှာလည်း ဗမာပြည်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်၊ မြောက်ပိုင်းမှာ ဖြစ်နေတဲ့အတွက်ကြောင့် ဒါကိုတော့ ကျမတို့က ဆက်လက်ပြီးတော့ ဆွေးနွေးပွဲကို အများကြီးသွားရမှာဖြစ်တယ်။ သွားရမယ့် အချိန်ကာလတုန်းကလည်း ကျမတို့ တိုင်းရင်းသားတွေပဲဖြစ်ဖြစ်၊ ကရင်အမျိုးသားတွေကပဲ ၀ိုင်းဝန်းပြီးတော့ ပံ့ပိုးဖို့ လိုအပ်တယ်။ ကျမတို့ သူတို့ကိုလည်း ပါဝင်ဖို့အတွက် ကျမတို့ ဖိတ်ခေါ်တယ်။ ပါဝင်နိုင်ဖို့အတွက်လည်း ကျမတို့ ကြိုဆိုပါတယ်လို့ ပြောချင်တယ်။ မေး - ဆရာမကြီးတို့ကတော့ ကေအန်ယူ ဗဟိုဌာနချုပ်အနေနဲ့ နေတယ်ပေါ့နော်။ အပြင်ကတက်လာတဲ့ ပါတီတချို့ရယ်၊ တက်လာတဲ့ ကရင်အမျိုးသမီး တချို့ရယ် ပြောတာပေါ့နော်။ အန်စီအေထဲမှာ အမျိုးသမီးတွေ များများပါဝင်ဖို့ တိုက်တွန်းတာ ကျနော်ကြားရတယ်ပေါ့နော်။ အဲဒီအပေါ်ကော ဆရာမ ဘယ်လိုမြင်သလဲ။ ဖြေ - အဲဒါက အရေးကြီးတယ်ပေါ့။ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ အန်စီအေထဲမှာ တောင်းဆိုထားတာတွေရှိတယ်။ အန်စီအေထဲမှာတော့ မပါဘူးပေါ့။ အမျိုးသမီးတွေ ပါဝင်မှုက အများကြီး လိုပါသေးတယ်။ နှစ်ဘက်စလုံး အစိုးရဘက်ကပဲဖြစ်ဖြစ်၊ တိုင်းရင်းသားဘက်ကပဲဖြစ်ဖြစ်၊ ကေအန်ယူထဲမှာပဲဖြစ်ဖြစ် အမျိုးသမီးပါဝင်ဖို့အတွက် အထူးသဖြင့်ပေါ့၊ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမျိုးသမီးပါဝင်ဖို့အတွက် အရေးကြီးတယ်လို့ ကျမပြောချင်ပါတယ်။ မေး - နောက်ဆုံးအနေနဲ့ ကျနော်မေးတဲ့အထဲမှာ မပါဘဲနဲ့ သီးခြား ဘာဖြေကြားချင်တာရှိလဲပေါ့။ ဖြေ - ကျမပြောချင်တာကတော့ အခုအခြေအနေမှာ အခုတက်လာမယ့် အစိုးရသစ်နဲ့ ကျမတို့ နိုင်ငံရေး ဆက်လက်သွားရမယ့် အခြေအနေ အခုအချိန်မှာ အရေးကြီးတဲ့အချိန်ဖြစ်တယ်။ အဲဒါကတော့ ပြည်သူလူထုတွေ၊ ကရင်တမျိုးသားလုံးတင်သာ မကဘဲနဲ့ ပြည်သူလူထုတွေ အားလုံးကတော့ ကျမတို့ မျှော်မှန်းထားတဲ့ နိုင်ငံရေးရဲ့ ရည်မှန်းချက်ကတော့ ရောက်နိုင်ဖို့အတွက် အားလုံးက ပါဝင်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအစိုးရကလည်း ကျမတို့သွားတဲ့လမ်းကတော့ အစိုးရချထားတဲ့ ပေါ်လစီနဲ့ ကျမတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရဲ့ လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ကတော့ အတူတူပဲဖြစ်နေတယ်။ တထပ်တည်းဖြစ်တယ်။ ပြီးတော့လည်း တိုင်းရင်းသားပါတီတွေကလည်း သူတို့လည်း နိုင်ငံရေးပန်းတိုင်ကလည်း တခုတည်းပဲ ရှိတဲ့အပေါ်မှာ ဒီပန်းတိုင်ကို အထူးသဖြင့် ဒီပန်းတိုင်က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက်ကတော့ အဲဒါ ကျမတို့ နိုင်ငံရေးပန်းတိုင်ဖြစ်တယ်။ အဲဒါကြောင့် ဒီပန်းတိုင်ကို ရောက်နိုင်ဖို့အတွက်က ပြည်သူလူထုတွေလည်း ၀ိုင်းဝန်းကူညီဖို့လိုတယ်။ ပြည်သူလူထုကိုလည်း ထောက်ခံဖို့လိုတယ်။ အခု ကျမတို့သွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးလည်း နိုင်ငံရေးပန်းတိုင် ရောက်ရှိဖို့အတွက်၊ ပြီးတော့ အစိုးရသစ်ရဲ့ ချထားတဲ့ တနိုင်ငံလုံး ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ပေါ့၊ ဒီမိုကရေစီနိုင်ငံ ဖြစ်နိုင်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက်က အားလုံး ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်မယ်ဆိုရင်တော့ ဒါ ကျမတို့ သွားလို့ရနိုင်ပါတယ်။ ဆက်သွယ်မေးမြန်းသူ - စောဖိုးစီ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024