သေဆုံးနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ထောက်ပံ့
DVB
·
March 24, 2016

အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့သူတွေ အပါအဝင် ထောင်ပြင်ရောက်မှ ကျန်းမာရေး ဆိုးဆိုးရွားရွားနဲ့ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို ဒုတိယအကြိမ်မြောက်အဖြစ် မတ် ၂၃ ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နဲ့ နိုင်/ကျဉ်း အဖွဲ့တွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “မိသားစု ၆၁ ဦး ရှိပါတယ်။ အဲဒီထဲမှာ ၂၈ ဦးဟာ ဓာတ်ပုံမရှိခဲ့ပါဘူး။ ကျနော်တို့ မရနိုင်ခဲ့ပါဘူး။ သူတို့ဟာ မိသားစုတွေအတွက်တောင်မှ သူတို့ရဲ့ဓာတ်ပုံကို ချန်မထားခဲ့နိုင်တဲ့သူတွေပါ” လို့ ပြောပါတယ်။
ထောင်ထဲမှာ သေဆုံးသူ ၆၁ ယောက်ထဲက မိသားစုဝင်တွေအတွက် ဂုဏ်ပြုမှတ်တမ်းနဲ့ ထောက်ပံ့ငွေကျပ် ငါးသိန်းကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ မင်းကိုနိုင် အပါအ၀င် အကျဉ်းကျခဲ့ဖူးတဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပရောက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပေးအပ်ခဲ့ကြတာပါ။
အကျဉ်းထောင်တွင်း သေဆုံးသွားသူ နိုင်ငံရေးအကျဉ်းသား ကိုခင်မောင်လွင်ရဲ့ မိခင် ဒေါ်သန်းအေးက “မကောင်းဘူး။ ၀မ်းထဲမှာတော့ စိတ်မချမ်းသာဘူး။ ငါတို့သားသမီးတွေ ဒီဘ၀မှာ ဒီလိုခံနေရတာ၊ ငါတို့ခံရလို့ နောက်ဘ၀မှာ သူတို့ခံလို့ ရင်ထဲမှာ မမှတ်ပါဘူး။ ဟိုဘ၀က ကိုယ့်သားသမီးက နိုင်ငံရေးကို ဒီလိုလုပ်ခဲ့လို့ အတုံ့အလှည့်ဆိုတာ ဖြစ်ရတယ်လို့ပဲ အောက်မေ့ပါတယ်။ ဖြေတွေးတယ်လေ” လို့ ပြောပါတယ်။
အခုမိသားစုဝင်တွေက ပထမတကြိမ် ၂၀၁၄ က ပြုလုပ်တဲ့ ထောင်တွင်းသေဆုံးသွားသူ ၅၅ ယောက်ကို ဂုဏ်ပြုခဲ့စဉ်က မပါဝင်ခဲ့သူတွေပါ။
သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင် တော်တော်များများဟာ ၂၀၁၄ နောက်ပိုင်း ရန်ကုန်အပါအ၀င် နယ်မြို့အသီးသီးကနေ ခက်ခက်ခဲခဲ ရှာဖွေဆက်သွယ်ခဲ့ရသူတွေလည်း ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစုပျိုးထောင်ရေး နည်းပညာ ကြီးကြပ်သူ ကိုထင်အောင်က “ထောင်ထဲမှာ သေဆုံးသွားတယ်လို့တော့ သတင်းကြားတယ်။ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့တော့ သတင်းကြားတယ်။ ဘယ်လိုသေတာလဲဆိုတာတောင် မသိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်တွေကို ကျနော်တို့ တွေ့ခဲ့ရတယ်။ သူတို့တွေရဲ့ ဘ၀တွေက တော်တော်ကို ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေရတာကိုလည်း တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
သေဆုံးသွားခဲ့တဲ့ ၆၁ ယောက်ထဲမှာ ကိုကိုးကျွန်းပြန် မိသားစုဝင်တွေ၊ စစ်တပ်ပေါ်တာဆွဲခံရပြီး သေဆုံးခဲ့ရသူတွေနဲ့ စစ်ကြောရေးစခန်း၊ အချုပ်ခန်းတွင်းမှာ စစ်ကြောမေးမြန်းရင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ၊ ထောင်ကလွတ်လာပြီးမှ ရောဂါတွေနဲ့ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။