လူထုသမ္မတနှင့် စစ်တပ်သမ္မတ
DVB
·
March 18, 2016

ပြည်ထောင်စုလွှတ်တော်က ဦးထင်ကျော်ကို ထောက်ခံမဲ အပြတ်အသတ်ဖြင့် သမ္မတတာဝန်ကို အပ်နှင်းလိုက်ပေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ပေးသော သမ္မတ တဦးအနေဖြင့် အန်အယ်လ်ဒီ အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးကို ကမ္ဘာ့စံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၅ နှစ်တာကာလကို တာဝန်ယူတော့မည်ဖြစ်သည်။ အန်အယ်လ်ဒီက ရွေးချယ်သော ဒုတိယသမ္မတ တဦးဖြစ်သူ ဟင်နရီဗန်ထီးယူနှင့်အတူ အရပ်သားစစ်စစ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းမည် ဖြစ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ အောင်နိုင်ပြီးသည့်နောက် အာဏာလွှဲပြောင်းရေးအတွက် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သလို ပူးပေါင်းဆောင်ရွက်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်နှင့်လည်း သုံးကြိမ် တွေ့ဆုံခဲ့သည်။ ထို့အပြင် သတင်းသမားများ၊ လှုပ်ရှားသွားခဲ့သည့် စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေနှင့် တွေ့ဆုံခြင်းများကြောင့် သတင်းထင်ကြေး အမျိုးမျိုးမှာ သတင်းလောကတွင် ပွတ်လောရိုက်သွားပါသည်။ နိုင်ငံ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း ဗိုလ်သန်းရွှေ၏ ပြောကြားချက်မှာလည်း အမျိုးသားရင်ကြားစေ့ရေးကို သြဇာသက်ရောက်မှု ကြီးမားခဲ့ပြီဟုလည်း သတင်းသမားများက ကောက်ချက်ချကြသည်။ နိုင်ငံရေးအရ သုံးသပ်ချက် စစ်တပ်၏ နှစ်ပေါင်း ၅ဝ ကျော် ရပ်တည်ခဲ့၊ လွှမ်းမိုးခဲ့သော ဖြစ်ရပ်များကို မလေးနက်ဘဲ တကြိမ်ခါတွေ့ရုံ စကားလေးတခွန်းလောက် ပျော့ပျောင်းရုံဖြင့် သက်သက်လွတ်စားသော ကျားဟု ဗိုလ်သန်းရွှေတို့အပေါ် ကောက်ချက်ချမှုမှာ စောလွန်းလှပေသည်။ စစ်အုပ်စုသည် ပြည်တွင်း ပြည်ပ မလွှဲသာလွန်းသော အခြေအနေ အရပ်ရပ်ကြောင့် အရပ်သားအစိုးရလက်ထဲ တနည်းပြောရလျှင် အန်အယ်လ်ဒီပါတီကို အစိုးရဖွဲ့ခြင်းအား လက်ခံလိုက်ခြင်းဖြစ်၏။ သို့သော် အန်အယ်လ်ဒီမှာ လုံးဝဥသုံ အာဏာကို ချုပ်ကိုင်ရလိမ့်မည် မဟုတ်ပေ။ ထိုသို့မရအောင်လည်း စစ်အာဏာရှင်များနှင့် စစ်ဗိုလ်ချုပ်များသည် ညောင်နှစ်ပင်ညီလာခံကတည်းက ဆယ်နှစ်ဆယ်မိုး အသေးစိတ် စီစဉ်ထားပြီးဖြစ်သည်။ ယခုလို အခြေအနေမျိုး ကြုံလာလျှင် မည်ကဲ့သို့ ကာကွယ်မည်။ သူတို့အာဏာမြဲအောင် မည်ကဲ့သို့ ထိန်းချုပ်ထားမည်ကိုလည်း ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေပုဒ်မ အသီးသီးကိုလည်း ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ၅၉(စ)ဖြင့် ထိန်းထားခြင်း၊ စစ်တပ်၏အာဏာ ခိုင်မာစေအောင် ၂၅ ရာခိုင်နှုန်းဖြင့် ချုပ်ထားခြင်း သမ္မတ ထင်တိုင်းလုပ်၍မရအောင် ကာလုံဖြင့် ကိုင်တွယ်ထားခြင်းတို့ကြောင့် စစ်တပ်က မကြည်ဖြူသော အစိုးရတက်သည့်တိုင် စစ်တပ်ကို ကျော်လွှား၍ မရနိုင်တော့ပေ။
ကာချုပ်နှင့် ဒေါ်စုတို့ တွေ့ဆုံဆွေးနွေးစဉ်က သတင်းအမျိုးမျိုးလည်း ထွက်လာကြသည်။ ထိုသတင်းများမှာ ထင်ကြေးများဖြစ်၏။ ထိုထင်ကြေးသတင်းများတွင် ၅၉ (စ) ဆိုင်းငံ့ရေးလည်း ပါသည်။ ဆိုင်းငံ့ခွင့်ရရေးအတွက် ၂၅ ရာခိုင်နှုန်းက ထောက်ခံရေးရမည်။ ထိုသို့ပေးသည့် အတွက်လည်း ပြည်နယ်၊ တိုင်း (၄) ခုတွင် စစ်တပ်ကို ဝန်ကြီးချုပ်များအဖြစ် ပြန်ပေးရမည်ဆိုသော သတင်းမျိုး၊ အရေးကြီးသော ဝန်ကြီးဌာန (၄) ခုလောက်ကို စစ်ဗိုလ်ချုပ်များအား ထပ်မံပေးရမည် ဆိုသာ သတင်းမျိုး စသည်ဖြင့် ပြည်သူလူထု မနှစ်မြို့သော စစ်ဗိုလ်များကို မဲထည့်ခဲ့သော ပြည်သူ လူထုအား မျက်နှာလွှဲခဲပစ်သော သတင်းမျိုးများမှာ သတင်းလောကတွင် လွှမ်းမိုးလာစေတော့ သည်။ အန်အယ်လ်ဒီအပေါ်တွင်လည်း ယုံကြည်မှုနည်းသွားစေတော့သည်။ ဒေါ်အောင်ဆန်းစုကြည်လည်း အာဏာမက်လွန်းသူ၊ သမ္မတဖြစ်ချင်လွန်းသူအဖြစ် သိက္ခာကျစေပါ တော့သည်။ ယခုမှသာလျှင် ထိုသတင်းအားလုံး မှားယွင်းကြောင်း အဖြူအမည်း ရှင်းလင်းသွား တော့သည်။ အခြေခံမူမဲ့သော အမျိုသားရင်ကြားစေ့ရေး ကို ဒေါ်အောင်ဆန်းစုကြည် စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်မည် မဟုတ်ကြောင်းမှာလည်း ရှင်းလင်းသွားပါတော့သည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ အမျိုးသား ရင်ကြားစေ့ရေးမူကို ကိုင်စွဲပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ စစ်တပ်ကို လက်တွဲ ခေါ်ဆောင်ဖို့ ကြိုးစားချက်များသည် ဒု-သမ္မတများ ရွေးချယ်လိုက်သည့်အခါတွင် စစ်တပ်၏ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြရပေတော့သည်။ အစောပိုင်းက ဒုတိယ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို တပ်က ရွေးထားသည်ဟု သတင်းထွက်စဉ်ကမူ ဒီမိုကရေစီ ဘက်တော်သားများ၊ သတင်းသမားများ၊ နိုင်ငံရေးဝေဖန်သူများဘက်မှ ထူးထူးခြားခြား ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ငြင်းပယ်ခြင်းများ မရှိခဲ့ပေ။ အရည်အချင်း ပြည့်ဝသော၊ လူကြီးလူကောင်းပီသသော၊ သဘောထားကြီးသော၊ တိုင်းပြည်အနာဂတ်အတွက် လက်တွဲ လုပ်ဆောင်နိုင်သော စစ်ခေါင်းဆောင်တဦးများ ဖြစ်လေမလားဟု မျှော်လင့်ထားခဲ့ပုံ ရပါသည်။ သို့သော် စစ်တပ်ကိုယ်စားလှယ်များက ကာကွယ်ရေးဦးစီးချုပ်၏ ခန့်အပ်မှုအရ စစ်တပ်ကိုလည်း ကိုယ်စားပြု၊ ပြည်ခိုင်ဖြိုးကိုလည်း ကိုယ်စားပြုသော ဒု-သမ္မတလောင်းတဦးကို ရွေးချယ်လိုက်သောအခါတွင် ယခင်စစ်အစိုးရ၏ အမာခံ၊ ဗိုလ်သန်းရွှေ၏လူယုံ၊ ပြည်သူလူထု ယခင်ကတည်းက လက်မခံ မကြည်ဖြူသော အစိုးရအဖွဲ့ကို တာဝန်ယူသည့် အခါတွင်လည်း ၅ နှစ်တာ လုပ်ဆောင်မှုများကို ပြည်သူက ဘဝင်မကျသည့် ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်နေသောကြောင့် စစ်တပ်၏ သဘောထားသည် အမျိုးသားရင်ကြားစေ့ရေးကို မသိကျိုးကျွန်ပြုလိုက်ခြင်း၊ သူတို့စစ်အုပ်စုထဲမှ Hard-liner တဦးကို အန်အယ်လ်ဒီ အစိုးရအဖွဲ့အား ထိန်းချုပ်ရန် ထည့်သွင်းထားလိုက်သည်ဟု ယူဆစရာ ဖြစ်လာပါတော့သည်။
အဘယ်ကြောင့်ဆိုသော် ယခင် ရန်ကုန်တိုင်းမှူးအဖြစ် စစ်အစိုးရလက်ထက်က တာဝန်ယူခဲ့သော ဗိုလ်မြင့်ဆွေသည် လူထုလက်မခံနိုင်သော ဖြတ်သန်းမှုများဖြင့် ရှိလာခဲ့ပါသည်။ ဗိုလ်မြင့်ဆွေကို ဒု-သမ္မတအဖြစ် တပ်က ရွေးချယ်လိုက်ခြင်းသည်လည်း စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ၏ အာဏာသည် တပ်အပေါ်တွင် လွှမ်းမိုးနေဆဲ ရှိနေပုံရသည်ဟု ပြည်သူက ယူဆလာခဲ့သည်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး စသော စစ်အာဏာရှင်တစု၏ အလိုတော်အတိုင်း စစ်ထောက်လှမ်းရေးကို ဖြိုခွဲခဲ့စဉ်က ဗိုလ်မြင့်ဆွေသည် ဦးဆောင်ခဲ့သည်။ သူ့အတွက် အမည်းစက်နှင့် လက်ညှိုးထိုးစရာ တာဝန်ယူရမည့် အဖြစ်အပျက်မှာ ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုကြီးကို ၂ဝဝ၇ ခုနှစ်က ဖြိုခွဲခဲ့စဉ်က ဗိုလ်မြင့်ဆွေသည် တာဝန်အရှိဆုံးဖြစ်သည်။ သူကလည်း ထိုကဲ့သို့ ဖြိုခွဲခဲ့သည်ကို နောင်တရပုံ မရှိပေ။ အထက်က စေခိုင်းသည့်အတိုင်း တာဝန်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှုကို မှားသည်ဆိုလျှင်လည်း တာဝန်ယူရဲကြောင်း နောက်ဆုံး ကြိုးစင်တက်ရမည်ဆိုလျှင်လည်း ခံရဲကြောင်း တုံးတိုက်တိုက် ကမ်းတိုက်တိုက် စကားမျိုးကို ပြောခဲ့ပါသည်။ နောက်ပိုင်း ပြည်ခိုင်ဖြိုးအစိုးရ တက်လာသော အခါတွင်လည်း သူတို့ယုံကြည်စိတ်ချသော လက်ရုံးဗိုလ်ချုပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များအဖြစ် ခန့်ထားခဲ့၏။ နာမည်ကြီးများလည်းဖြစ်၏။ အရေးပါဆုံး၊ အဓိကလည်း အကျဆုံး၊ အကျင့်ပျက်မှုလည်း အများဆုံး၊ စီးပွားရေးအကောင်းဆုံး တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် ဗိုလ်မြင့်ဆွေက တာဝန်ယူရပေသည်။ ထိုအချိန်တွင် ဗိုလ်မြင့်ဆွေသည် ဦးမြင့်ဆွေ ဖြစ်လာသည်။ သူသည် အန်အယ်လ်ဒီ အစိုးရနှင့် လက်တွဲပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်လိမ့်မည်ဟု မယူဆ။
စစ်တပ်နှင့် ပြည်ခိုင်ဖြိုးသည် အန်အယ်လ်ဒီ အစိုးရအပေါ် အယုံအကြည် ကင်းမဲ့ပြီး စစ်တပ်ကိုယ်စားလှယ် ဦးမြင့်ဆွေအား ဒု-သမ္မတအဖြစ် တာဝန်ပေးလိုက်ခြင်းသည် အန်အယ်လ်ဒီ အစိုးရကို ထိန်းရန် Power Balance ဖြစ်အောင် အမျိုးသားရင်ကြားစေ့ရေးမူကို ချိုးဖျက်လိုက်ခြင်း ဖြစ်သည်ဟု လူထုက ယူဆလိုက်ပေတော့သည်။ တနည်းပြောရလျှင် စစ်အုပ်စုနှင့် စစ်အာဏာရှင် ဟောင်းများသည် ယခုထက်တိုင် ဒီမိုကရေစီ လိုလားသူများအပေါ် အယုံအကြည် မရှိသေးပေ။ သူတို့အာဏာပြန်လည်ရရှိရေးနှင့် အကျိုးစီးပွား ကာကွယ်ရေးအတွက် သံသယများဖြင့် သတိထား နေကြခြင်း ဖြစ်ပါသည်။ ဦးမြင့်ဆွေသည် ၅ နှစ်တာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သက်တမ်းတွင် လည်း နာမည်ကောင်းရှိသူ မဟုတ်ပေ။ သူလည်း ၅၉(စ) နှင့် ငြိစွန်းခဲ့သူဖြစ်၏။ ဗိုလ်ခင်ညွန့်သား၊ ဗိုလ်မြင့်ဆွေသမီးတို့သည် နိုင်ငံခြားသား ခံယူထားသူများနှင့် လက်ဆက်ထားသူ ဖြစ်သောကြောင့် စစ်တပ်၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် အားမနာပ ဝေဖန်ပြစ်တင် ကဲ့ရဲ့ခဲ့သော စစ်အာဏာရှင် များ ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်ကြီးများသည် သူတို့တက် သူတို့ ပြန်နင်းခံရဖူးသည်။ အကျင့်ပျက် ခြစားမှုများဖြင့် တိုင်းမှူးဘဝမှ အဖြုတ်ခံရသော ဗိုလ်ချုပ်ကြီးများသည် ထိုအချိန်က ပြန်ပြောခွင့် မရှိသော ပြည်သူလူထုနှင့် အတိုက်အခံများအပေါ် ပက်ပက်စက်စက် ဆဲရေးတိုင်းထွာခဲ့ဖူးသည်။ သူတို့၏ ရိုင်းစိုင်းမှုများကို စာရွက်ပေါ် မင်တို့၍ မရလောက်အောင် ရုန့်ရင်းကြမ်းတမ်းခဲ့ပါသည်။ ယခု ဦးမြင့်ဆွေကို ဒု-သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်းသည် အန်အယ်လ်ဒီနှင့် ညှိညှိနှိုင်းနှိုင်း လက်တွဲပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်း (လမ်းညွှန် ဒီမိုကရေစီမဟုတ်၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီမဟုတ်) စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နိုင်လိမ့်မည် မဟုတ်ဟု လူထုက ယူဆနေကြပေသည်။ သူ ရန်ကုန်တိုင်း ကို တာဝန်ယူခဲ့စဉ်က တာဝန်ယူခဲ့သည့် လွှတ်တော်ကို အစိုးရက လွှမ်းမိုးထားမှု၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒဂုန်စီးတီးအိမ်ရာစီမံကိန်း၊ ကုန်းကျော်တံတားများ စီမံကိန်းများကို အတိုက်အခံများက ဆန့်ကျင်နေသည့် ကြားမှပင် ဆောင်ရွက်ခဲ့သည်ဖြစ်၏။
အဖြစ်မှန်များကို ကာယကံရှင်များသာ သိနိုင်သော်လည်း ဦးမြင့်ဆွေသည် ဝေဖန်ခံရသော၊ စာနယ်ဇင်းများက မျက်စိဒေါက်ထောက် ကြည့်ခံရသော၊ ခေါင်းမာသော ဗိုလ်ချုပ်အဖြစ် လူထု၏ ကြည်ဖြူမှုကို မရရှိခဲ့ပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရင်ကြားစေ့ရေးမူ၊ တပ်မတော်နှင့် တရင်းတနှီး ဆောင်ရွက်ရေးမူမှာ အန်အယ်လ်ဒီ အစိုးရအဖို့ အောင်မြင်ချောမွေ့ နိုင်ပါ့မလားဟု သံသယရှိလာရသလို စစ်တပ်၏ သဘောထားတင်းမာမှုကိုလည်း ပြတ်ပြတ်ထင်ထင် တွေ့မြင်လိုက်ရပေတော့သည်။
ထက်မြက်