Home
မြန်မာသတင်း
သမ္မတတာဝန်ထမ်းရွက်ရန် ဦးထင်ကျော်ကို ရွေးချယ်တင်မြှောက်
DVB
·
March 15, 2016
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်ကို ရွေးချယ်တင်မြှောက်ပါတယ်။ ဒုတိယသမ္မတတွေအဖြစ်  ဦးမြင့်ဆွေနဲ့  ဦးဟင်နရီဗန်ထီးယူတို့ကို ရွေးချယ်ခဲ့ပါတယ်။ မနက် ဆယ်နာရီမှာ စတင်တဲ့လွှတ်တော်တော်အစည်းအဝေးမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက်ခဲ့ကြတာဖြစ်ပါတယ်။ မဲပေးသူ ဦးရေစုစုပေါင်း ၆၅၂ ဦးအနက်  ဦးထင်ကျော်က ၃၆၀ မဲ၊ ဦးမြင့်ဆွေက ၂၁၃ မဲ၊ ဦဟင်နရီဗန်ထီးယူက ၇၉ မဲ အသီးသီးရရှိခဲ့ပါတယ်။ ပယ်မဲမရှိ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက “ထောက်ခံဆန္ဒမဲအများဆုံးရရှိတဲ့ ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာပါတယ်။ ဆက်လက်ပြီး ထောက်ခံဆန္ဒမဲ ဒုတိယအများဆုံးရရှိတဲ့ ဦးမြင့်ဆွေနဲ့ တတိယအများဆုံးရရှိတဲ့ ဦးဟင်နရီဗန်ထီးယူတို့ကို ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာ ပါတယ်” လို့ ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားသမ္မတ ဖြစ်လာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းခန့် မဲအရေအတွက်ကို ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံတော်သမ္မတတာဝန်ထမ်းရွက်ချင်တယ်လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲ ၀င်ရောက်ခဲ့တဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့် သတ်ချက်ကြောင့် သမ္မတအဖြစ် ၀င်ရောက်ရွေးချယ်ခံနိုင်ခြင်းမရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ သမ္မတအမည်စာရင်းကြေညာစဉ်မှာ လွှတ်တော် အစည်းအဝေးရဲ့ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အားပါးတရ ကျေနပ်လက်ခုပ်တီးအားပေးတာကို တွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနဲ့၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၅၇ ဦးရှိပါတယ်။ အဲဒီထဲက ၃၉၀ ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ပါတီက ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၁၅ ဦးနဲ့ ကျန်ပါတီတချို့နဲ့ တသီးပုဂ္ဂလက ၂၂ ဦးရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ ရရှိတဲ့မဲ စုစုပေါင်း အရေအတွက်ဟာ ၄၃၉ မဲရရှိခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၉၀ ဦးအပြင် တခြားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေထဲက ၄၉ ဦးက ထောက်ခံမဲ ရရှိခဲ့တာဖြစ်ပါတယ်။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတစိစစ်ရေးအဖွဲ့က သူတို့ ၃ ဦးကို သမ္မတနဲ့ ဒု-သမ္မတ အရည်အချင်းများနဲ့ ပြည့်စုံကြောင်း အစီရင်ခံချက်ကို အတည်ပြုခဲ့ပြီးနောက် သမ္မတရွေးချယ်ပွဲ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ နိုင်ငံတော်ကို ကိုယ်စားပြုပြီး နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တ၀န်းလုံးမှာ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်နေရာ ရရှိတယ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်မယ့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမှာဖြစ်သလို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုရဲ့ အစိုးရအဖွဲ့တွေကို ဦးဆောင်မယ့်သမ္မတကို ရွေးချယ်တာဝန်ပေးဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ထဲက အရေးပါတဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေး ရာဝန်ကြီးတွေကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိရမှာဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ် ဦးထင်ကျော်ဟာ ခေတ်ပညာတတ်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာ့စာပေလောကမှာ ထင်ရှားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့သားဖြစ်ပါတယ်။ ဦးထင်ကျော်ကို ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယ သမ္မတ အဖြစ် တင်သွင်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၇ ဦးပါ သမ္မတ၊ ဒုတိယသမ္မတ အရည်အချင်း စိစစ်ရေး ရေးအဖွဲ့က ဗိုလ်ချုပ်သန်းစိုးကလွဲလို့ ကျန် ၆ ဦးက ထောက်ခံမှုနဲ့ မနေ့က ပြည်ထောင်စု လွှတ် တော်မှာ ဒုတိယသမ္မတအဖြစ် မနေ့က အတည်ပြုခဲ့ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းခဲ့တဲ့ လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟောင်း တဦးဖြစ်သလို ရန်ကုန်မြို့က စီမံကိန်းတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ ဝေဖန်ခံရသူဖြစ်ပါတယ်။ ဟင်နရီဗန်ထီးယူကတော့ ချင်းတိုင်းရင်းသား၊ တပ်မတော်မှာ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူ ခဲ့သူဖြစ်ပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ်ကိုယ်စားပြု အန်အယ်လ်ဒီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဒုသမ္မတအဖြစ် ရွေးချယ်ခံရတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တာဝန်ကို စွန့်လွှတ်ရမှာဖြစ်သလို ပါတီတာဝန်တွေကို ထမ်းရွက်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ အရ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနဲ့ အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော်အကြီးအ မှူးထံ ပေးပို့ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဟာ လက်ရှိဦးသိန်းစိန်အစိုးရထံကနေ လာမယ့်ဧပြီလ ၁ ရက်နေ့မှာ တာဝန်လွှဲပြောင်းရယူ မှာဖြစ်ပြီး လက်ရှိသမ္မတဦးသိန်းစိန်လက်ထက်က အစပြုဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024