Home
မေးမြန်းခန်း
ဘယ်သူလုပ်တယ်ဆိုတာ အရေးမကြီးဘူး၊ ဘာဖြစ်လာလဲဆိုတာ အရေးကြီးတယ် - ဦးဌေးဦး
DVB
·
November 30, 2015
လက်ရှိအာဏာရပါတီလည်းဖြစ်၊ အင်အားကြီးပါတီလည်းဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၅ အလွန်မှာ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အတွင်းမှာ ဘယ်လိုရပ်တည်သွားမလဲ၊ ဘာတွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ ပူးတွဲဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒုတိယအကြိမ် တွေ့ဆုံခွင့်ပေးတဲ့အတွက် ကျေးဇူးပါရှင့်။ အန်ကယ် ပထမအကြိမ်တွေ့တုန်းက ပြောခဲ့တာရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်ကတည်းက အဆင်သင့်ဖြစ်ခဲ့တယ်လို့ပြောတယ်။ ၂၀၁၅ မှာ အောင်နိုင်ဖို့ကတော့ စဉ်းစားကြည့်ပါတော့ဗျာလို့ အန်ကယ်ပြောခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ ရလဒ်တွေ ထွက်လာပြီးတဲ့ အခါမှာတော့ ပြည်ခိုင်ဖြိုးပါတီက ရှုံးနိမ့်ခဲ့တယ်လို့ ပြောရမယ်။ ဒီရှုံးနိမ့်မှုကို အန်ကယ်တို့ အံ့သြလား၊ ဒီလိုရှုံးနိမ့်မယ်လို့ ထင်ခဲ့မိလား။ အဲဒါလေး အရင်ဖြေပေးပါ။ "ကျနော်တို့ တခုပေါ့။ အဲဒီတုန်းက ကျနော်ပြောခဲ့တယ်ဆိုတာ ကိုယ်စားလှယ်လောင်းတွေ၊ လူတွေကို ရွေးတာ။ လူတွေကို ရွေးတာ။ ဒါပေမယ့် ဒီရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ပေါ့ ကျနော်တို့ နယ်မြေထဲမှာ တကယ်လေ့လာကြည့်တဲ့ အချိန်ကျတော့ လူတွေတောင် မသိဘူး။ အထူးသဖြင့် ကျနော့် ဟင်္သာတမှာတောင်မှ ကျနော်နဲ့ပြိုင်နေတယ်ဆိုတာ၊ ကျနော်ဆိုတာ မသိဘူး။ ရှုံးတော့မှသာ ကျနော်ရှုံးသွားပါလားဆိုတာသိလို့ သူတို့လာပြောနေကြတာရှိတယ်။ အဲဒီတော့ ကျနော်တို့က လူရွေးတယ်။ သို့သော်လည်းပဲ ပြည်သူတွေကတော့ ရွေးတဲ့လူတွေကို မသိကြဘူး။ ရွေးတဲ့လူတွေကို မသိဘဲနဲ့ သူတို့ ဘာပဲပြောပြော စည်းရုံးတဲ့၊ စည်းရုံးလှုံ့ဆော်မှု ဆိုတာတော့ ရှိမှာပေါ့နော်။ ဒီပေါ်မှာ မူတည်ပြီးတော့မှ ဖြစ်သွားတယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ ဒါကတော့ ဟို သမားရိုးကျ၊ ထူးထူးဆန်းဆန်းဖြစ်စဉ်ပေါ့။ အံ့သြပါတယ် အံ့သြပါတယ်။ ဒါနဲ့ပတ်သက်လို့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်အံ့သြတာက ကျနော်တယောက်တည်းတင် မဟုတ်ပါဘူး။ ကျနော့်မဲဆန္ဒနယ်ဆိုရင် ကျန်တဲ့လူတွေ အကုန်လုံးအံ့သြတယ်။ ကျနော် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ကျနော် မပြန်ဖြစ်သေးဘူး။ ဟိုမှာ နယ်မြေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော် လုပ်လက်စကိစ္စရှိတော့ ကျနော် ဆက်လုပ်ပေးနေတယ်။ လုပ်ပေးနေတာဖြစ်တဲ့အချိန်မှာကို လာကြပါတယ်။ လာတဲ့အထဲမှာလည်းပဲ ကျနော့်ကို မဲမပေးတဲ့လူတွေလည်း လာတယ်။ လာပြီးတော့မှ သူတို့ကတော့ ကျနော်မှန်းမသိဘူးဆိုတဲ့ ဥစ္စာကိုပဲ ပြောတယ်။ အဲဒီတော့ ဒါကတော့ ထူးဆန်းတယ်လို့ပဲ ကျနော်မြင်တယ်။ ဒါတော့ အံ့သြစရာပေါ့ မဟုတ်ဘူးလား။ တကယ်တော့ ကိုယ်စားလှယ်တွေ ရွေးတာပဲလေ။ ကိုယ်စားလှယ်အချင်းချင်း ယှဉ်ပြီး ရွေးကြတယ်။ သို့သော်လည်းပဲ လူထုအကြားထဲမှာတော့ ကိုယ်စားလှယ်အချင်းချင်း ယှဉ်ရွေးတယ်ဆိုတဲ့ဥစ္စာမျိုး သူတို့ သဘောမပေါက်ဘူးလို့ ကျနော်မြင်တယ်။ ဒါလည်းပဲ ကျနော်တို့က နောင်ကျလို့ရှိရင် ဒါတွေက သင်ခန်းစာပေါ့။ သင်ခန်းစာပေါ့။ ဒီပေါ်မှာမူတည်ပြီးတော့ ကျနော်တို့လည်း ဆက်ပြီး ဆောင်ရွက်သွားရမှာပေါ့။" ဒါဆိုရင် ပြည်သူလူထုအကြားမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာ အားနည်းနေသေးတယ်လို့ ပြောလို့ရမှာပေါ့။ ဒီရွေးကောက်ပွဲအတွက်ကို ဆိုရင်လည်း နိုင်ငံတကာကရော၊ ပြည်တွင်းကရော ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်း အများကြီးပဲ၊ ထောင်နဲ့ချီပြီး လုပ်တယ်လို့ စာရင်းအရ သိရှိရတာပေါ့။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကိုယ့်နယ်မြေက ကိုယ်စားလှယ်လောင်း ဘယ်သူလဲဆိုတာမျိုးတွေက မသိဘူးဆိုတော့ ဒီလုပ်ငန်းစဉ်တွေအပေါ်မှာ အန်ကယ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။ "မှန်တာပေါ့၊ လူထုတွေက ဘာပဲပြောပြော ဒီအချိန်ဟာ အလုပ်များတဲ့ အချိန်လည်းဖြစ်တယ်။ ကျနော်တို့ ဧရာဝတီတိုင်းဆိုလို့ရှိရင် စပါးရိတ်သိမ်းမှု မပြီးသေးတဲ့အချိန်၊ နောက်သီးနှံတခုကို အချိန်လုပြီး စိုက်ရတဲ့အချိန် ဖြစ်နေတယ်။ အဲဒီတော့ ဒီအပေါ်မှာပဲ သူတို့ အာရုံစိုက်ကြတယ်။ အာရုံစိုက်ပြီးတဲ့ အချိန်ကျတော့ ခုနတုန်းက သူတို့ထင်မြင်ထားတဲ့ ဥစ္စာသည်လည်းပဲ ကျနော်ထင်ပါတယ်။ ဒီလိုပဲ ထင်မြင်တာကိုး။ ဒါလည်း ကျနော့်လာပြောလို့ သိတာပါ။ ကျနော် နို့မို့ရင် မသိဘူးပေါ့။ မသိနိုင်ဘူးပေါ့နော်။" ပြည်ခိုင်ဖြိုးပါတီရဲ့ ရှုံးနိမ့်မှုရလဒ်အပေါ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို တင်ပြဖြစ်သေးလား။ သူကရော ဘာမှတ်ချက်ပေးတာမျိုးကော ရှိခဲ့သေးသလဲ။ "ဗိုလ်ချုပ်မှူးကြီးက နဂိုကတည်းကလည်း မပတ်သက်ပါဘူး။ အခုလည်းပဲ ကျနော်တို့နဲ့ မဆုံဖြစ်ပါဘူး။ အဲတော့ မဆုံဖြစ်တဲ့အတွက် ဘာမှ မှတ်ချက်ပေးတယ်ဆိုတာလည်း မရှိပါဘူး။" နောက်တခုက သတင်းတွေလည်း ထွက်ခဲ့သေးတာပေါ့နော်၊ ဦးရွှေမန်း ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ချိန်တုန်းက သူ စစ်တမ်းတခု ကောက်ခဲ့တယ်။ အဲဒီတုန်းက ပြည်ခိုင်ဖြိုးပါတီက တော်တော်ရှုံးနိမ့်မယ့် အခြေအနေမျိုးကို ဒီစစ်တမ်းအရ ရရှိခဲ့တယ်လို့ ပြောတယ်ပေါ့နော်။ အဲဒီစစ်တမ်းကရော တကယ်ရှိခဲ့လားပေါ့။ တကယ်လို့ ရှိခဲ့တယ်ဆိုရင် အဲဒီစစ်တမ်းအရ ရလဒ်ထွက်လာပြီးတဲ့ အချိန်ကရော ဒီလိုမျိုး ရှုံးနိမ့်မှုအတွက် ပြင်ဆင်ထားတာမျိုး မရှိခဲ့ဘူးလား။ "ကျနော်ထင်ပါတယ်၊ ဒီစစ်တမ်းနဲ့ပတ်သက်လို့ ကျနော်တို့ ဘာမှမသိဘူး။ စစ်တမ်းကောက်နေတယ် ဆိုတာနဲ့ ပတ်သက်လို့လည်း ကျနော်တို့ မသိဘူး။ စစ်တမ်းကနေ ဒီလိုမျိုး ဖော်ပြတယ် ဆိုတာလည်း ကျနော်တို့ မသိပါဘူး။ စစ်တမ်းမျိုးစုံတော့ ကောက်ပါတယ်။ စစ်တမ်းမျိုးစုံ ကောက်တဲ့အချိန်မှာ နိုင်မယ်ဆိုတဲ့ဥစ္စာလည်း ရှိတယ်၊ ရှုံးမယ့်ဥစ္စာလည်းရှိတယ်။ အကုန်လုံးက ၅၀ - ၅၀ ဆိုတဲ့ ဥစ္စာမျိုးလည်း ရှိပါတယ်။ မျိုးစုံလည်း ထွက်ပါတယ်။ သို့သော်လည်းပဲ ဒီစစ်တမ်းတွေသည် ခန့်မှန်းချက်ဖြစ်တယ်။ တကယ် လူထုရဲ့အဆုံးအဖြတ်၊ အခုပေးတယ်ဆိုတဲ့ဥစ္စာသည် အတည်ဖြစ်တာပေါ့။ ဒါကြောင့် ဒီဥစ္စာတွေနဲ့ ပတ်သက်လို့ကတော့ သူ့စစ်တမ်းကောက်ယူတဲ့ လူတွေရဲ့ ထင်မြင်ယူဆချက်ပဲလေ။" အခုလိုမျိုး ဒီရလဒ်တွေ ထွက်ပေါ်လာတဲ့ အပေါ်မှာရော ပါတီအနေနဲ့ ဘယ်လိုသင်ခန်းစာတွေ ရခဲ့လဲ။ ဘယ်လိုရှေ့ဆက်ပြီးတော့ ဒီသင်ခန်းစာပေါ်မှာ အခြေခံပြီးတော့ ဘယ်လိုပြုပြင်မှုတွေ လုပ်ဖို့ရှိလဲ။ "ကျနော်ကိုယ်တိုင်ပေါ့၊ ပါတီအနေနဲ့ပြောရင် ကျနော်ကိုယ်တိုင်ပေါ့။ ကျနော်က ကျနော့်နယ်မြေမှာရှိတဲ့ ပြည်သူတွေအတွက်၊ နယ်မြေအတွက်ကို လုပ်တယ်ဆိုတဲ့ ဥစ္စာသည် လွှတ်တော်ထဲက လုပ်ရတာလည်း ပါပါတယ်။ လွှတ်တော်ပြင်ပက လုပ်ရတာလည်း ပါတယ်။ ကျနော်တို့တွေ အကျိုးရှိအောင် လုပ်ကြတယ်ဆိုတဲ့ဥစ္စာသည် လွှတ်တော်သည် ၅ နှစ်ကြာမှ ကျနော်တို့ စတာဖြစ်တယ်။ လွှတ်တော်မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ကျနော်တို့ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြတဲ့အတွက် နယ်မြေပြည်သူတွေ အကျိုးရှိမယ့် လုပ်ငန်းကို လွှတ်တော်ထဲကတော့ အခု မလုပ်နိုင်ဘူး။ သို့သော်လည်းပဲ ပြင်ပကတော့ ကျနော်တို့ရဲ့ ပါတီရည်မှန်းချက်က ပြည်သူတွေ အကျိုးရှိအောင်လုပ်ဖို့၊ နယ်မြေဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကတော့ ကျနော်တို့ဆက်ပြီး လုပ်နိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။" အန်ကယ့် မဲဆန္ဒနယ်မြေဖြစ်တဲ့ ဟင်္သာတနယ်မြေပေါ့။ အဲဒီမှာ တခုတည်းမှာတင် ရွေးကောက်ပွဲ မသမာမှုတွေအတွက် ကော်မရှင်ကို တိုင်ကြားတဲ့အမှုပေါင်း ၈ ခုရှိတယ်ပေါ့။ ပါတီဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံတ၀န်းလုံး ကိုယ့်မဲဆန္ဒနယ်တွေမှာရော တဘက်ပါတီကိုပေါ့ ရွေးကောက်ပွဲမသမာမှု၊ မတရားပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ကို နောက်ထပ်တိုင်ကြားဖို့ အစီအစဉ်ရှိလား။ "၈ ခုရှိတယ်ဆိုတာ ကျနော်မသိဘူး။ သို့သော်လည်းပဲ အဲဒီမှာရှိနေတဲ့၊ နယ်မြေမှာရှိတဲ့ တချို့သောပုဂ္ဂိုလ်တွေပေါ့၊ တချို့သောပုဂ္ဂိုလ်တွေက နေပြီးတော့ ဖော်ထုတ်ပြီး တိုင်တဲ့ဥစ္စာတွေလည်း ရှိမှာပေါ့။ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့၊ နိုင်တာရှုံးတာအတွက်ကို အဓိကထားပြီး ကျနော်တို့တိုင်တာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလည်း ပြောနေကြတယ်၊ ကျနော်တို့လည်းပဲ ပါဝင်ဆောင်ရွက်တယ်၊ အဲဒါက ဘာလဲဆိုရင် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုတာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးဖြစ်ရမယ် ဆိုပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ခဲ့ကြတယ်။ ကျနော်တို့လည်း ပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ ဒါကြောင့် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်ဖို့အတွက်ကို အားနည်းချက်တွေ ရှိလာတယ် ဆိုရင်တော့ ဒီပေါ်မှာမူတည်ပြီးတော့မှ ပြောကြလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲတွေက အများကြီးရှိသေးတာကိုး။ ၅ နှစ်တကြိမ် အနည်းဆုံးရှိမယ်။ ဒီကြားထဲမှာလည်း ကြားဖြတ်တွေ ရှိလာနိုင်သေးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲတွေမှာ သင်ခန်းစာယူနိုင်ဖို့အတွက်ကို အထောက်အထားတွေ ခိုင်လုံတယ်ဆိုရင် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးဖြစ်ဖို့ကို ရည်ရွယ်ပြီးတော့တော့ ပြောကြလိမ့်မယ်လို့ ကျနော်ထင်တယ်။ တပြည်လုံးအတိုင်းအတာနဲ့တော့ ကျနော်မသိပါဘူး၊ မသိသေးဘူး။ ဘာဖြစ်လို့လဲဆို ကျနော်တို့ စုံလည်းမစုံသေးဘူး။ ကိုယ်စားလှယ်တွေနဲ့လည်း ကျနော်တို့ စုစည်းပြီး ပြန်မတွေ့ရတာ ရှိသေးတယ်။ ဒါကြောင့် သိသင့်သလောက်တော့ ကျနော်တို့သိတယ်၊ သို့သော်လည်းပဲ အားလုံးပြည့်ပြည့်စုံစုံတော့ ကျနော်တို့ မသိပါဘူး။" အခုလောလောဆယ်တော့ အန်အယ်လ်ဒီပါတီက အစိုးရဖွဲ့ဖြစ်သွားပြီပေါ့နော်။ ၂၀၁၅ အလွန်မှာ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီက ဘယ်လိုမျိုး အနေအထားမျိုးနဲ့ ရပ်တည်သွားမလဲရှင့်။ "လွှတ်တော်အလုပ်လုပ်မှာပေါ့။ လွှတ်တော်ဆိုတဲ့ဥစ္စာလည်း ဥပဒေပြုရေး၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ ပြည်သူတွေရဲ့ တချို့မေးခွန်းတွေ မေးပေးရမယ့် ကိစ္စတွေရှိတယ်။ အဆိုတွေ ပြုပေးရမယ့်ကိစ္စတွေရှိတယ်။ ဒီလုပ်ငန်းတွေပဲ ကျနော်တို့လုပ်ကြမှာပေါ့။ ဒီလုပ်ငန်းတွေ လုပ်ပြီးတဲ့အချိန်ကျတော့ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက်ကိုပဲ အားလုံးဝိုင်းလုပ်ကြမှာပေါ့။ ဒါပဲ လုပ်စရာရှိတာပဲလေ။" နောက်တက်လာမယ့်  အစိုးရနဲ့ရော အတိုက်အခံအဖြစ် ရပ်တည်သွားမလား၊ သို့မဟုတ် ပူးပေါင်းဆောင်ရွက်ဖို့များ ရှိမလား။ "အစိုးရဆိုတဲ့ဥစ္စာကတော့ ပြည်သူတွေ အကျိုးရှိတဲ့လုပ်ငန်းကို လုပ်ရမှာပဲလေ။ ကျနော်တို့ကလည်း ပြည်သူတွေ အကျိုးရှိတဲ့လုပ်ငန်းကို လုပ်နေတယ်ဆိုတဲ့ အချိန်ကျတော့  အကျိုးရှိတဲ့လုပ်ငန်းတွေ လုပ်တယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ရမှာပေါ့ မဟုတ်ဘူးလား။ ပူးပေါင်းဆောင်ရွက်ကြမှာပေါ့။" အန်အယ်လ်ဒီက အမျိုးသားရင်ကြားစေ့ရေးလို့ပဲပြောပြော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လို့ပဲ ပြောပြောပေါ့နော် အစိုးရကို ဖွဲ့စည်းတဲ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးပေါင်းဖွဲ့စည်းမယ်လို့ ကမ်းလှမ်းလာမယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီဘက်က သဘောထားက ဘယ်လိုရှိမလဲ။ "ကျနော်ထင်ပါတယ် အမျိုးသားရင်ကြားစေ့ရေးလို့ ပြောနေတယ်ဆိုတဲ့ ဥစ္စာတွေက သိပ်မကြာသေးပါဘူး။ ဒီစကားသံတွေ၊ ဒီလိုဟောတာတွေ ထွက်လာတာ။ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ဥစ္စာ ဆယ်စုနှစ်မက ကျနော်တို့ လုပ်ခဲ့တာပဲ။ အစိုးရ အဆက်ဆက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ကျနော်တို့လုပ်ခဲ့တယ်။ အောင်မြင်တာလည်းရှိတယ်၊ ဆောင်ရွက်ဆဲ ကိစ္စရပ်တွေလည်းရှိတယ်။ ဆောင်ရွက်ဖို့ ကျန်နေတာလည်းရှိတယ်။ အဲဒီဥစ္စာတွေ လုပ်တဲ့ထဲမှာ ကျနော်တို့ တောက်လျှောက်လုပ်ခဲ့တာပဲ။ အခုလည်း ကျနော်တို့လုပ်မှာပေါ့။" ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ သမ္မတရဲ့အပေါ်မှာ သူရှိတယ်ပေါ့၊ အဲလို မှတ်ချက်ပေးခဲ့တယ်။ အဲဒီစကားအပေါ်မှာရော ပါတီအနေနဲ့ ဘယ်လိုထင်မြင်ယူဆမိလဲ။ "ကျနော်တို့ လက်ရှိ အထွေထွေရွေးကောက်ပွဲလုပ်တယ်၊ ကိုယ်စားလှယ်တွေရွေးတယ်၊ ကိုယ်စားလှယ်တွေက နိုင်ငံတော်ရဲ့ သမ္မတကို ရွေးပေးတယ်။ သမ္မတကို ရွေးပေးတာပဲ။ သမ္မတအပေါ်က လူတွေကိုတော့ ကျနော်တို့ ရွေးပေးတာမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုလို့ရှိရင်တော့ သမ္မတအပေါ်က ရွေးပေးတယ်ဆိုတာ တခုမှမရှိဘူး။ ပြောတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒါက သူ့ရဲ့အယူအဆပဲ၊ ကျနော်တို့ ဘာမှ ဝေဖန်စရာမရှိပါဘူး။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောမယ်ဆိုရင် သမ္မတက ရွေးတာပဲ၊ သမ္မတအထက်ကလူ ရွေးပေးတာတော့ မရှိဘူးလို့ ကျနော်ထင်ပါတယ်။" တခြားနိုင်ငံတွေမှာဆိုရင် ရွေးကောက်ပွဲတခုမှာ နိုင်ငံရေးပါတီတခုက ရှုံးနိမ့်သွားခဲ့တယ်ဆိုရင် ပါတီရဲ့ခေါင်းဆောင်တွေပေါ့ သူတို့က တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်ပေးတာမျိုးရှိတယ်။ အဲဒီတော့ အခုရလဒ်အပေါ်မှာရော အခု ပြည်ခိုင်ဖြိုးပါတီအတွင်းမှာ သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ခေါင်းဆောင်ပိုင်းတချို့မှာ အပြောင်းအလဲများ ရှိဖို့များရှိလားရှင့်။ "ကျနော်တို့ စဉ်းစားရမှာပေါ့။ ဒါ ဗဟိုအလုပ်အမှုဆောင်ရဲ့ အလုပ်ပါပဲ၊ ဒါကို ဗဟိုအလုပ်အမှုဆောင် ကော်မတီကနေ စဉ်းစားမှာပေါ့။ စဉ်းစားပြီး၊ တကယ်တမ်းကတော့ သဘာဝအရ ပြောမယ်ဆိုရင် အသက်အရွယ်အရ ဆိုလို့ရှိရင် နောက်လူတွေ၊ လူငယ်တွေကို ဦးစားပေးရတာပဲလေ။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်လူတွေကို ဦးစားပေးရတာပဲ။ အဲဒီတော့ ပါတီတွင်းမှာရှိတဲ့ ပါတီဝင်တွေရဲ့ ဆန္ဒသဘောထားပေါ့။ ဒီပေါ်မှာမူတည်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြမှာပေါ့။" ရွေးကောက်ပွဲကာလ ပြီးဆုံးသလောက်ဖြစ်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတတယ်လို့ ယုံကြည်သလား။ တချို့တွေကတော့ ပြောတယ် လွတ်လပ်ကောင်း လွတ်လပ်တယ်၊ မမျှတဘူးပြောတဲ့သူလည်း ရှိတယ်ဆိုတော့။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ကတော့ မြန်မာပြည်က ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်လို့ ထင်လား။ "ကျနော်တို့ရဲ့ပါတီကတော့ ဒီအထွေထွေရွေးကောက်ပွဲတွေ ဖြစ်လာတဲ့စနစ်ကို ရအောင် ဖော်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် လွတ်လပ်ပြီး မျှတတယ်ဆိုတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်တော့ ကျနော်တို့ဘက်က အကုန်လုံးလုပ်ပါတယ်။ ဖြစ်စဉ်တွေကတော့ ရှိနေကြမှာပဲလေ။ အဲဒီဖြစ်စဉ်တွေ ရှိတဲ့အပေါ်မှာ မူတည်ပြီးတော့မှပဲ ပြောလို့ရမယ်။ ယေဘုယျအားဖြင့်တော့ ကျနော်ပြောနိုင်တဲ့ ဥစ္စာကတော့ လက်ရှိ ပြည်သူတွေရဲ့ အဆုံးအဖြတ် ဖြစ်နေတယ်ဆိုတဲ့ ကိစ္စရပ်ကို လတ်တလော လက်ခံရမှာပဲ။ မဟုတ်ဘူးလား လက်ခံရမှာပေါ့။ လွတ်လပ်တယ်၊ မျှတတယ်ဆိုတဲ့ ဥစ္စာကတော့ ဖြစ်စဉ်တွေပေါ်မှာ မူတည်ပြီး ဖြစ်လာလိမ့်မယ်။ ကျနော်တို့ဘက်တော့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အတတ်နိုင်ဆုံး ကျနော်တို့ ၀င်ပြီးဆောင်ရွက်တယ်။ သင်တန်းတွေပေးတာလည်း ဒါပဲ ပေးတာပါ။ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆိုပြီးတော့ ဒီိလိုပဲ ကျနော်တို့ ပေးခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကိုတော့ ကျနော်တို့ အာမခံတယ်။" အန်ကယ့်အနေနဲ့ ဖြည့်စွက်ပြောစရာရှိရင် ပြောပါဦးရှင်။ "တကယ်တော့ ကိုယ်စားလှယ်တွေ ရွေးတယ်ဆိုတာက ကိုယ်စားလှယ်တွေအတွက် မဟုတ်ပါဘူး။ တကယ်တမ်းပြောရင် ကျနော် ကိုယ်စားလှယ် ဟင်္သာတကို ကျနော်သွားရွေးတယ်။ ကျနော့်အတွက် ရွေးတာမဟုတ်ဘူး။ တကယ်တမ်းပြောရရင် ဟင်္သာတအတွက်ပဲ ကျနော်ရွေးတာဖြစ်တယ်။ ကျနော့်အတွက် ရွေးသည်ဖြစ်စေ၊ မရွေးသည်ဖြစ်စေ ကျနော့်အတွက် ဘာမှမထူးခြားဘူး။ လွှတ်တော်ထဲမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဟင်္သာတပြည်သူတွေရဲ့ ကောင်းစားရေး ကျနော် လုပ်ပေးနိုင်တယ်။ တကယ်တမ်းကတော့ ဟင်္သာတကနေ ကျနော့်ကို မရွေးဘူး။ တခြားနေရာတွေမှာလည်း တခြားနေရာတွေကနေပြီးမှ သူတို့ကိုယ်စားလှယ် မရွေးဘူးဆိုရင် မရွေးတဲ့ ကိုယ်စားလှယ်ကတော့၊ အရွေးမခံရတဲ့ ကိုယ်စားလှယ်တွေကတော့ လွှတ်တော်ထဲကနေ တာဝန်၊ အဲဒီမြို့နယ်အတွက် ပြောစရာ၊ ဆိုစရာ၊ လုပ်ပေးစရာ ရှိလို့ရှိရင် လွှတ်တော်ထဲက လုပ်မပေးနိုင်ဘူးပေါ့။ သို့သော်လည်းပဲ ကျန်တာတွေက လုပ်ပေးလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်က ၅ နှစ်ပဲ ရှိသေးတာကိုး။ နှစ်ပေါင်းများစွာ လာဦးမှာပဲလေ ဒါတွေက၊ အဲဒီတော့ လက်ရှိ ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်တွေ သူတို့ဆောင်ရွက်ရမှာပေါ့။ သူတို့ကနေပြီးတော့မှ ကျနော်တို့အစား ပိုကောင်းအောင် ဆောင်ရွက်ရမှာပေါ့။ ပိုကောင်းအောင် ဆောင်ရွက်နိုင်ရင် နယ်မြေအတွက် အကျိုးရှိတာပါပဲ။ ဘယ်သူလုပ်တယ်ဆိုတာ အရေးမကြီးပါဘူး။ ဘာဖြစ်လာသလဲဆိုတာ အရေးကြီးဆုံးပဲလို့ ကျနော် အမြဲတမ်းပြောနေတာပါ။ အခုမှ ပြောတာမဟုတ်ဘူး၊ အခုပြောလို့ရှိရင်တော့ တမျိုးဖြစ်လိမ့်ဦးမယ်။ ဟုတ်လား အရင်တုန်းကတည်းကပြောတယ်။ ဘယ်သူလုပ်တယ်ဆိုတာ အရေးမကြီးဘူး၊ ဘာဖြစ်လာလဲဆိုတာ အရေးကြီးတယ်၊ အရေးကြီးတာ တိုးတက်ဖို့ပါပဲ။ တိုးတက်အောင် လုပ်ကြဖို့ပဲ လိုတယ်လို့ ကျနော်ထင်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024