မြန်မာ့အစ ရှာပုံတော်

“မြန်မာအစ တကောင်းက” ဆိုတဲ့ အစဉ်အလာအယူအဆက မှေးမှိန်လာပြီး      “မြန်မာအစ ကျောက်ဆည်က” အယူအဆက ထွန်းကားလာတယ်။ သမိုင်းပညာရှင် ရဟန်းတော် အရှင်ပဏ္ဍိတာနန္ဒရဲ့ ကျားကုတ်ကျားခဲ လေ့လာဖော်ထုတ်မှုကြောင့် “မြန်မာအစ…” ကိစ္စက တပတ်လည်ပြီး စိတ်ဝင်စားစရာ ရှင်သန်လာပြန်ပါတယ်။ ယခုအခါ ကျနော် တကောင်းမြို့ဟောင်းကို ရောက်ရှိနေပါတယ်။ မြိုဟောင်းအ၀င်မှာ “တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ” ဆိုတဲ့ မုခ်ဦးကြီးက ထီးထီးမားမား ရှိနေတယ်။ မုခ်ဦး တဘက်တချက်စီမှာ အစာင့်နတ်ရုပ်ကြီး ၂ ရုပ်က ခန့်ငြားတယ်။ ကျနော်တို့က တကောင်းဝိဥာဉ်ကို ပြန်လည်ရှင်သန်စေတဲ့ ဆရာတော် အရှင် ပဏ္ဍိတာနန္ဒ သီတင်းသုံးနေတဲ့ ကျောင်းကို အရင်သွားရောက်ပါတယ်။ ဆရာတော်က ရှေးဟောင်းလေးမျက်နှာဘုရားကြီးနဲ့ စည်းခုံတော်ကြီးဘုရားအနီးမှာ ကျောင်းထိုင်ပြီး တကောင်း သမိုင်းကို တစိုက်မတ်မတ် သုတေသနပြုနေတယ်။ အရှင် ပဏ္ဍိတာနန္ဒရဲ့ဘ၀ကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူ့ငယ်နာမည်က ကိုမင်းဟန် ဖြစ်တယ်။ ၁၀ တန်းကို ထူးထူးချွန်ချွန် အောင်တယ်။ သမိုင်းဘာသာကို မြန်မာတနိုင်ငံလုံ အမှတ်အများဆုံး ရတယ်။ ၁၉၈၅ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ် တက်တယ်။ ဆေးပညာကို စိတ်မပါလို့ သမိုင်းဘာသာအဓိကကို ပြောင်းလဲသင် ယူတယ်။ ၁၉၉၄ ခုနှစ်မှာ မန္တလေးတက္ကသိုလ်က သမိုင်းအဓိက ၀ိဇ္ဇာ(ဂုဏ်ထူး)၊ ၁၉၉၆ ခုနှစ်မှာ ရှေးဟောင်း သုတေသန ဘွဲ့လွန်ဒီပလိုမာ၊ မဟာဝိဇ္ဇာဘွဲ့တွေ ရပြီး သုတေသနကို စိတ်ဝင်စားတဲ့အတွက် တကောင်းနယ်မြေကို ဧရာဝတီမြစ်ရိုးတလျှောက် ကွင်းဆင်းလေ့လာတယ်။ ၁၉၉၉ ခုနှစ်မှာ ရဟန်းဘောင်ဝင်ရောက်တယ်။ သုတေသန စိတ်က ထက်သန်ဆဲမို့ ယခုအခါ တကောင်းမှာပဲ အခြေချ သီတင်းသုံးနေထိုင်ပါတယ်။ ရဟန်းတော်ဘ၀နဲ့ ရှေးဟောင်းသုတေသန ပညာရပ်ကို အိန္ဒိယနိုင်ငံမှာ ဆက်လက် ဆည်းပူးလေ့လာနေပါ တယ်။ 1တကောင်းမြို့ရဲ့ ထူးခြားချက်တခု ကတော့ ဥတ္တရယဉ်စွန်းတန်းက တကောင်းမြို့ကို ဖြတ် သန်းသွားတယ်။ မန္တလေးမြို့ရဲ့ အထက်(မြောက် ဘက်) ရေမိုင် ၁၂၇ မိုင်ကွာဝေးတဲ့နေရာမှာ တည်ရှိပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဖူးမှာ တည်ရှိတယ်။ တကောင်းမှာ သမိုင်းနဲ့ ဒဏ္ဍာရီတွေ ကြွယ်ဝတယ်။ အဘိရာဇာနဲ့ သာကီဝင်မင်းမျိုးတွေ (အိန္ဒိယ ကပ္ပိလ၀တ်က) ထွက်ပြေးလာပြီး တကောင်းမှာ ထီးနန်းစိုက်တယ်လို့ ဆိုတယ်။ ပန်းဘဲမောင်တင့်တယ်၊ ဧရာဝတီမြစ်ကြောင်း မှာ ဖောင်နဲ့ စုန်ဆင်းပြီး ဗေဒါရီနဲ့ ဆုံတွေ့ရတဲ့ စူဠာသမ္ဘ၀၊ မဟာသမ္ဘ၀မျက်မမြင်ညီနောင်၊ ထီးနန်းရဖို့ မဏ္ဍာပ်အပြိုင်ဆောက်ကြရတယ်ဆိုတဲ့ ကံရာဇာကြီး၊ ကံရာဇာငယ်၊ နဂါးနဲ့ ချစ်ကြိုးသွယ်တယ်ဆိုတဲ့ မိဖုရားနဲ့ သွားပါများ ခရီးရောက်တဲ့ မောင်ပေါက်ကျိုင်း။ တကောင်းနဲ့ ပတ်သက်ပြီး လူသိများတဲ့ ဆိုရိုးစကားကတော့ “မြန်မာအစ တကောင်းက” ဆိုတာပါပဲ။ ဗြိတိသျှသမိုင်းပညာရှင် ပါမောက္ခ ဂျီအိတ်ခ်ျလုစ်က ဒီအဆိုကို အားမပေးဘူး။ မြန်မာတွေက ဗုဒ္ဓမြတ်စွာနဲ့ အမျိုးစပ်ချင်လို့ သာကီဝင် အဘိရာဇာဇာတ်ကို ဖန်တီးခဲ့တာလို့ သူထင်တယ်။ အေဒီ ၈ ရာစုမှာ တရုတ်ပြည်တောင်ပိုင်းကနေ မြင်းတွေနဲ့ ထွက်ခွာလာကြသူတွေဟာ ရပ်စောက်ကတဆင့် ကျောက်ဆည် လွင်ပြင်ကို ဆင်းသက်လာခဲ့ကြဟန်ရှိတယ်ဆိုတဲ့ “မြန်မာအစ ကျောက်ဆည်က” အယူအဆက ထွန်းကား လာတယ်။ ရှေးဟောင်းသုတေသနကို စိတ်ဝင်စားတဲ့ (ဆရာတော်လောင်းလျာ) ကိုမင်းဟန်ရဲ့ နှမငယ်က သပိတ်ကျင်းမြို့နယ် တကောင်းမြို့မှာ ကျောင်းဆရာမအဖြစ် တာဝန်ကျတယ်။ နှမရှိရာကို ကိုမင်းဟန် လိုက်လာတယ်။ တကောင်းမှာ ရာဇ၀င်တွေနဲ့ ဒဏ္ဍာရီတွေ အများကြီး ရှိပေမယ့် ရှေးဟောင်းသုတေသနဌာန ၀န်ထမ်းတွေက ပါမောက္ခလုစ်ရဲ့ အယူအဆ သြဇာ လွှမ်းမိုးမှုကြောင့် တကောင်းက စောတယ်၊ ရှေးမြို့ဟောင်း ဖြစ်တယ်ဆိုတာကို သိပ်စိတ်မ၀င်စားကြဘူး။ တကောင်းကို တူးဖော်ဖို့လည်း စိတ်မ၀င်စားကြဘူး။ အရင်က တကောင်းမြို့ဟောင်းက သပိတ်ကျင်းမြို့နယ်ထဲမှာ ရှိတယ်။ သွားရေးလာရေး ခက်တယ်။ ဧရာဝတီမြစ်ကြောင်းကိုသာ အားထားရတယ်။ ၀န်ထမ်းတွေ မသွားချင်ဘူး။ ရှေးဟောင်းသုတေသနဌာနက တကောင်းကို တာဝန်အရ လာရောက် လေ့လာတူးဖော်မှု ရှိပေမယ့် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မှု မရှိဘူးလို့ ဆိုတယ်။ “ရှေးဟောင်းက တူးရာဖော်ရာမှာ လူကြီးသွားဖို့ အဆင်ပြေတဲ့နေရာပဲ အလုပ်လုပ်တယ်။ တူးဖော်တဲ့ နေရာကို လူကြီးက လာကြည့်တယ်၊ တီဗွီ ရိုက်တယ်။ သွားရေးလာရေးခက်တဲ့နေရာကို လူကြီးက မဆင်းချင်တော့ ရှေးဟောင်းကလည်း အသွားအလာခက်တဲ့နေရာမျိုးမှာ တူးတာဖော်တာလည်း မလုပ်ကြဘူး။” လို့ အစိုးရ၀န်ထမ်းများသဘာဝကို သိမြင်သူက ပြောပြတယ်။ 2တကောင်းကို ရှေးဟောင်းသုတေသနဌာန က ကာလရှည်ကြာ မျက်ကွယ်ပြုထားပေမယ့် ဘိုးတော်တွေ ရှေးဟောင်းပစ္စည်းနဲ့ ဘုရားဌာပနာသိုက်တူးသူတွေကတော့ စိတ်ဝင်စားကြတယ်။ ရှေးဘုရားကုန်းတွေကို တူးကြဆွကြ၊ ဖောက်ကြ ဖော်ကြ လုပ်ကြတယ်။ ဒါတွေကို ရှေးဟောင်းသုတေသန ပညာသင်ယူထားသူ ကိုမင်းဟန်က တွေ့မြင်နေရတယ်။ ၁၉၉၃နဲ့ ၁၉၉၇ ခုနှစ်တွေမှာ မန္တလေးရှေးဟောင်းသုတေသနဌာနက ရှေးဟောင်းကုန်းတွေကို လာရောက် တူးဖော်ပေမယ့် တကောင်းဒေသဟာ ပုဂံခေတ်ထက် စောတဲ့ ပိုရှေးကျတဲ့ အထောက်အထား မတွေ့ရဘဲ ပုဂံခေတ် အစောပိုင်းနဲ့ နှောင်းပိုင်း လက်ရာတွေသာ တွေ့ရတာ များကြောင်း အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ “တကောင်းကို ဒါလောက်ကြီး ပြောနေပေမယ့် ပုဂံထက် မစောဘူးဆိုတာ ဦးဇင်း ဘယ်နည်းနဲ့မှ မယုံနိုင်ဘူး။ တခုခုတော့ မှားနေတယ်လို့ ဦးဇင်းတွေးတယ်။ တကောင်းမှာ ရှေးကျတဲ့ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတွေ ရှိ၊ မရှိဆိုတာ သုတေသနပြုဖို့ လိုတယ်။ မြေအောက်တူးဖော်မှုက သိပ်အရေးကြီးတယ်” လို့ ကိုမင်းဟန်တဖြစ်လဲ ဆရာတော် အရှင်ပဏ္ဍိတာနန္ဒက ပြောပါတယ်။ ကိုမင်းဟန် ကတကောင်းအပါအ၀င် မလည်၊ စပ္ပါယ်နဂိုရ်အထိ ကျေးရွာများစွာကို ကွင်းဆင်းပြီး သုတေသန လုပ်တယ်။ “တောတွင်းဒေသ နေရာအနှံ့ရောက်ခဲ့တာဆိုတော့ ခင်ရာဆွေမျိုးလုပ်ပြီး ပေါင်းသင်းရပါတယ်။ တစ်ခါတရံ ကြံခင်းတွေက ကြံကို ချိုးစားပြီး ၀မ်းရေးကို ဖြေရှင်းခဲ့ရတာမျိုးလည်း ကြုံခဲ့ရပါတယ်။ အစားအသောက် မမှန်ရာကနေ အစာအိမ်ရောဂါ ရလာခဲ့ပါတယ်။ အဆိုးဝါးဆုံးက ငှက်ဖျားရောဂါဒဏ်ပါပဲ။ ၂ ကြိမ် ၃ ကြိမ် သတိလစ်တဲ့ အထိ သေလုမျောပါး ခံစားခဲ့ရဖူးပါတယ်။ မိတ်ကောင်းဆွေကောင်းတွေကြောင့် မသေခဲ့ရတာပါ။ ဆင်ညှပ်ကုန်းရွာ မြောက်ဘက် နွားကျချိုင့်အတွင်း မြေကျန်တောင်ပို့များပေါ်မှာ ကျန်ရစ်တဲ့ အုပ်ချပ်များနဲ့ အရိုးအိုး အကွဲအစများ လေ့လာတုန်း အမြင့်ပေ ၃၀ လောက် ကလိမ့်ကျပြီး အောက်က ချောက်ထဲမှာ တယောက်တည်း သတိလစ်နေခဲ့ဖူး ပါတယ်” လို့ သူက ပြောပြတယ်။ 4ကိုမင်းဟန် တယောက် ယခုလောက် အားထုတ်ကြိုးပမ်းတာကြောင့် တကောင်း မြို့ဟောင်းဟာ အလွန်ရှေးကျတဲ့ ကျောက်ခေတ် နဲ့ ကြေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ဒေသ ဖြစ်တာကို အထောက်အထား ပစ္စည်းတွေ တူးဖော် ရရှိလာပါတယ်။ ဒီတွေ့ရှိချက်တွေကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ‘ တကောင်းဒေသ ရှေးဟောင်းယဉ်ကျေးမှုသည် ဗိဿနိုး ၊ သရေခေတ္တရာ၊ ပျူယဉ်ကျေးမှုတွေထက်ပင် ပိုမိုရှေးကျကြောင်း’ ထုတ်ပြန် ကြေငြာပါတယ်။ (နောက်တပတ်မှာ ပန်းဘဲမောင်တင့်တယ် အပါအ၀င် ဒဏ္ဍာရီတွေ နဲ့ မြေအောက် က တူးဖော်တွေ့ရှိတဲ့ အထောက်အထားတွေ အကြောင်း ဆက်လက်တင်ပြပါမယ်။) ကျော်ရင်မြင့်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up