ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းနိုင်ပြီ

မသန်စွမ်းသူများ အပါအ၀င် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းများ လာမယ့် ဇူလိုင် ၂၀ ရက်နေ့ကစပြီး အမည်စာရင်း တင်သွင်းနိုင်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ မိမိတို့ယှဉ်ပြိုင်မယ့် ခရိုင်ကော်မရှင်ရုံးမှာ အမည်စာရင်း တင်သွင်းရမှာဖြစ်ပြီး တိုင်းရင်းသား ဒေသတွေမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကတော့ တိုင်း သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားရောက် အမည်စာရင်းသွင်းရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်က အမည်စာရင်း တင်သွင်းရမှာဖြစ်ပြီး အမည်စာရင်း တင်သွင်းတဲ့အခါ ရွေးကောက်ပွဲဝင်ခွင့် အာမခံကြေး ကျပ် ၃ သိန်း ဘဏ်သွင်းထားတဲ့ ချလံကိုပါ တပါတည်း ပူးတွဲ တင်သွင်းရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတဦးဟာ မဲဆန္ဒနယ် တနယ်ထက်ပိုပြီး အမည်စာရင်း တင်သွင်းခွင့် မပြုသလို မိမိဆန္ဒအရ အမည်စာရင်း ပြန်ရုပ်သိမ်းချင်ရင် သြဂုတ် ၉ ရက်ကနေ ၁၁ ရက်အတွင်း ပြန်ရုပ်သိမ်းနိုင်ကြောင်းလည်း ကော်မရှင်က သတိပေးကြေညာထားပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ် ၈ ရက် နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပြီး ကော်မရှင်က တင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်းတွေ စိစစ်ခြင်းလုပ်ငန်းကို သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၂၀၀ နီးပါးမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်ကြရမှာဖြစ်ပြီး လတ်တလော သတင်းတွေအရ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ အဓိက အတိုက်အခံဖြစ်တဲ့ အန်အယ်လ်ဒီပါတီတို့ပဲ မဲဆန္ဒနယ်အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up