စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အမျိုးသမီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရသလို ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာလည်း ကလေး ၁ ယောက်အပါအဝင် ၃ ယောက် ဒဏ်ရာရသွားပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်း က တင်သားရွာရဲ့တောင်ဘက် ၃ မိုင်အကွာ ကြံသာရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပတ်ခတ်ခဲ့တာကြောင့် တင်သားရွာတောင်ပိုင်း အမှတ် ၆ ရပ်ကွက်မှာ ကျရောက်ပြီး အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်မာဝေ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
သမီးဖြစ်သူမှာတော့ ကျောမှာ ဒဏ်ရာရရှိသွားပြီး အိမ်နီးချင်း ၂ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ တင်သားရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခုတလော ကြံသာကနေ လက်နက်ကြီးနဲ့က ဆက်တိုက်ထုနေတာ။ ဘာတိုက်ပွဲမှ မရှိဘူး။ မမာဝေက အိမ်ထဲမှာ ချမ်းလို့အိမ်ဝန်းထဲ နေပူတဲ့နေရာမှာ နေဆာလှုံနေတာ။ လက်နက်ကြီးက သူ့တည့်တည့်ကျပြီး မျက်နှာပြင်တခုလုံး ပျက်စီးပြီး ပွဲချင်းပြီး သေသွားတာ။ အသုဘကိုချက်ချင်းချပြီး သင်္ဂြိုလ်လိုက်ရတယ်။ အိမ်နီးချင်း ၂ ယောက်လည်း လဲသွားပြီး ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ ရှားဖိုရွာဒေသခံ ၄ ယောက် ထိခိုက်သေဆုံးသွားခဲ့ပါသေးတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာတော့ နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီခွဲက ညောင်လေးပင် ခမရ ၂၀ နဲ့ ခမရ ၃၄၉ ပိန်းဇလုပ်ကနေ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်လို့ ညောင်လေးပင်မြို့နယ်၊ ဂွေးကုန်းကျေးရွာက ဦးသန်းဌေးရဲ့ နေအိမ်နားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ်ရဲ့ ဦးခေါင်းနောက်စေ့ထိမှန်ဒဏ်ရာရပြီး အသက် ၁၈ နှစ်အရွယ် မခင်ပပဝင်းမှာ ဗိုက်ဘယ်ဘက်ခြမ်း၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ချိုချိုဝင်းမှာ ဘယ်ဘက်ပေါင် ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃လုံးပါ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။