ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးနယ်ခြားစောင့်စခန်းကို ဒီနေ့မနက်ပိုင်းမှာ အေအေက တိုက်ခိုက်နေသလို လက်နက်ရိက္ခာအင်အား လာဖြည့်တဲ့ ကား ၂ စီးကိုလည်း မိုင်းခွဲခဲ့ပြီး ပေါက်တောမြို့မှာတော့ စစ်သင်္ဘောက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သင်္ဘောဆိပ်နဲ့ မြို့မဈေးနားမှာ မီးလောင်နေပါတယ်။
သရိကုန်စခန်းနဲ့ ခရေမြိုင်စခန်းတို့က အင်အားပေါင်းထားတဲ့ ကိုင်းကြီး နယ်ခြားစောင့် စခန်းကို အေအေက ဒီမနက်မှာ ဝင်ရောက်တိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးတော့ မောရဝတီဗျူဟာကနေ လက်နက်နဲ့ ရိက္ခာအင်အားလာဖြည့်တဲ့ နယ်ခြားစောင့်ကား ၂ စီးကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီ စခန်းအနီးဝန်းကျင်ကို မောရဝတီဗျူဟာစခန်းကနေ လက်နက်ကြီးပစ်နေပြီး ပင်လယ်ပြင်မှေရှိနေတဲ့ နေဗီကလည်း အမြောက်တွေ ပစ်နေတာကြောင့် ကိုင်းကြီးရခိုင်ရွာက ရွာလုံးကျွတ် ထွက်ပြေးနေကြရပြီး ကိုင်းကြီး မြို ရွာသူ ရွာသားတွေလည်း ပုန်းခိုနေကြရတယ်လို့ ဆိုပါတယ်။
ကိုင်းကြီး မြိုရွာသားတယောက်က "လက်နက်ကြီး ကျလာမှာကို ကြောက်တယ်။ အိမ်ခေါင်မိုးတွေကလဲ သွပ်မိုးတွေဆိုတော့လေ။ အခုဘယ်သူမှ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြဘူး။ ကိုင်းကြီးရခိုင်ရွာက ထွက်ပြေးသွားကြပြီ။ စခန်းက ရခိုင်ရွာဘက်က တောင်ကုန်းပေါ်မှာရှိတာ" လို့ ပြောပါတယ်။
ပေါက်တောမြို့မှာလည်း ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပေါက်တော သင်္ဘောဆိပ်နဲ့ မြို့မစျေးနားမှာ မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်တောမြို့နယ် နန်းကျကျွန်းနားမှာ ရပ်ထားတဲ့ စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပေါက်တောမြို့ သင်္ဘောဆိပ်နားနဲ့ ငါးစျေးဘက်မှာ ကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းနေတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ပေါက်တောမြို့ပေါ်မှာက ပြည်သူတွေလည်း မရှိတော့တာကြောင့် မီးငြှိမ်းသတ်ပေးမယ့် သူလည်း မရှိတော့ဘူး။ မီးကတော့ ၂ နေရာ လောင်နေတာပါ။ အဝေးကနေ မီးခိုးလုံးတွေတက်လာတာကို လှမ်းမြင်နေရပြီး မီးထပ်ကူးမယ်ဆိုရင်တော့ တမြို့လုံး မီးလောင်ဆုံးရှုံးနိုင်တယ်” လို့ ပြောပါတယ်။
ပေါက်တောမြို့နယ်ထဲမှာတော့ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီရဲ့ နေဗီတွေက ပေါက်တောမြို့ဘက်ကိုလှည့်ပြီး လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေသလို့ စစ်တွေမြို့ ရဲတပ်ရင်း ၁၂ ကလည်း လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့မစျေးကိုလည်း နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ တစျေးလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပါသေးတယ်။