Home
မြန်မာသတင်း
အရာတော်နှင့် ဝက်လက်က ရွာများကို လေကြောင်းကတိုက်ခိုက်
DVB
·
November 25, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အရာတော်မြို့နယ်နဲ့ ဝက်လက်မြို့နယ်က ကျေးရွာတွေကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့နယ်၊ စစ်ကောင်စီတပ်ရင်းက ပျံတက်လာတဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ်၊ ကန်ရင်းရွာ ဒေသခံတယောက်က “လာပစ်တဲ့အချိန်က ညနေ ၄ နာရီခွဲလောက်က လာပစ်တာဗျ။ ဘာကြောင့် လာပစ်တယ်ဆိုတာကတော့ မသိဘူး။ မြေပြင်မှာလည်း ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ လာပစ်တာ။ ပစ်တာကလည်း ရွာကို ၂ ပတ်၊ ၃ ပတ်လောက် ပျံဝဲပြီးကို ပစ်ခတ်သွားတာဗျ။ အဲလိုပစ်ခတ်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ဆီ ပြန်သွားတယ်” လို့ ပြောပါတယ်။

ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အရပ်သားတွေ သေဆုံး ထိခိုက်တာနဲ့ အိုးအိမ်တွေ ပျက်စီးတဲ့ စာရင်းတွေ အတိအကျကို မသိရသေးပါဘူး။

အဲဒီရဟတ်ယာဉ်ဟာ နေ့ခင်းပိုင်းကလည်း ဝက်လက်မြို့နယ်၊ သန်းတောကြီးကျေးရွာနဲ့ သစ်ပုတ်ကုန်းကျေးရွာအနီးကိုလည်း ပစ်ခတ်ခဲ့သေးတယ်လို့ ဝက်လက်ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

အခုလို လေကြောင်းကနေ ပစ်ခတ်ပေးတာဟာ မြေပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးရှိလို့ စစ်ကူပေးတဲ့အနေနဲ့ ဖြစ်နိုင်တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တယောက်က ပြောပါတယ်။

“အရင်နေ့က ရွှေပန်းကုံးရွာစခန်းသိမ်းတာနဲ့ပတ်သက်ပြီတော့ ဒီနေ့ မနက် ၇ နာရီမှာ လှတောရဲစခန်းကနေ အင်အား ၁၃၀ လောက်နဲ့ အနောက်ဘက်က လယ်တော လမ်းအတိုင်း စစ်ကူလာပေးတာတွေ စစ်တပ်ဘက်က စလုပ်လာတယ်ပေါ့။ အဲလို စစ်ကူလာတာကိုသိလို့ ကျနော်တို့ နေရာကောင်းကောင်းကနေ စောင့်ပြီး ၂ ဖက် ပိတ်ပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကအထိနာတော့ လေယာဉ် ခေါ်ပြီး ပစ်ခတ်တာ လုပ်သွားတယ်။ လေယာဉ်နဲ့ ပစ်ခတ်တာက နေ့ခင်း ၁ နာရီကတကြိမ်၊ ညနေ ၃ နာရီနီးပါးက တကြိမ် စုစုပေါင်း ၂ ကြိမ် ပစ်ကူလုပ်သွားတယ်” လို့ ပြောပါတယ်။

ရွှေပန်းကုန်းကျေးရွာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းအထိ ရွှေပန်းကုံးရွာကို မရောက်လာသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်နဲ့ နီးစပ်သူ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024