စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လင်မယား ၂ ယောက်သေဆုံးပြီး အမျိုးသမီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို တိုက်ပွဲမရှိဘဲ ဝန်းသိုမှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ ၁၂၀ က ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာဖြစ်ပြီး ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်က နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။
ဒေသခံတယောက်က "ညနေ ၆ နာရီ လောက်က ဝန်းသို ခမရ ၁၂၀ ထဲကနေ လက်နက်ကြီးနဲ့ ကောလင်းဘက်ကို လှမ်းထုနေတာ။ အချက်ရေမနည်းဘူး။ မြို့ထဲ မင်းတဲကြီးရပ်ကွက်က နေအိမ်ပေါ်ကျပြီး လင်မယား ၂ ယောက် ပွဲချင်းပြီးသေတယ်။ အမျိုးသမီး တယောက်ကတော့ ဒဏ်ရာရသွားတယ်" လို့ ပြောပါတယ်။
မင်းတဲကြီးရပ်ကွက်မှာနေထိုင်တဲ့ ဥိးစိန်သန်းနဲ့ ဒေါ်အေးမြ တို့လင်မယားဟာ နေအိမ်မှာရှိနေတုန်း ဦးခေါင်းကို လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒေါ်အေးလှဆိုသူကတော့ ရင်ဘတ်၊ လက်နဲ့ ကျောကုန်းမှာ ထိခိုက် ဒဏ်ရာ ရှိခဲ့ပါတယ်။
ဒေသခံနောက်တယောက်ကလည်း “၁ လုံးတည်းလာကျတာ။ အရင်ကတော့ တခါပစ်ရင် ၂ လုံး၊ ၂ လုံး ပစ်တယ်။ ဒီနေ့တော့ ၁ လုံးလာကျတယ်၊ အဲမှာ အမျိုးသားတယောက် ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။
သူကတော့ ပြည်သူတယောက်သေတယ်လို့ပဲပြောပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နေ့ကစပြီး ကောလင်းမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်နက်ကြီးပစ်ခတ်တဲ့ ဝန်းသိုက စစ်ကောင်စီတပ်စခန်းကိုလည်း စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ပို့ဆောင်နေတာတွေလည်း ရှိတယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်ဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၆ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။