Home
ဆောင်းပါး
ဇာတ်တူသားစားတဲ့ စစ်ဓားပြဂိုဏ်းရဲ့ ဗီဇညစ်မျိုး-ဓလေ့ဆိုးများ
DVB
·
November 25, 2023

လူတဦးချင်းစီမှာဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်မှာဖြစ်ဖြစ် စိတ်ဓာတ်သိမ်ဖျင်းပြီး ဉာဉ်ဆိုး ဗီဇစရိုက်ဆိုးသွမ်းမှု များပြားလွန်းလာတဲ့အခါ ပျက်စီးခြင်း ၅ ပါးဆိုက်လို့ မကောင်းတဲ့ နိဂုံးတွေနဲ့သာ ကြုံတွေ့ကြရပါတယ်။

ဒီကနေ့ မြန်မာ့တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းခေါင်း‌ဆောင်တွေဟာ သူတို့ ရှင်သန်အာဏာတည်မြဲဖို့ဆိုရင် ဇာတ်တူသားစား‌တတ်တဲ့ဓလေ့၊ ကိုယ့်‌နောက်လိုက်တွေ၊ မိုက်ဖေါ်မိုက်ဖက်‌တွေရဲ့ နောက်ကျောကို အရှက်သိက္ခာမဲ့စွာ ဓားနဲ့တဆုံး ထိုးသွင်းတတ်တဲ့ဓလေ့၊ ဘယ်သူ့ကိုမဆို အသုံးချ ထိုးကြွေးစတေးတတ်တဲ့ဓလေ့ဆိုး၊ စရိုက်ဆိုးတွေ ထူပြောတာမို့ ဆိုးဝါးတဲ့နိဂုံးတွေနဲ့ မကြာခင်ကြုံတွေ့လို့ ဇာတ်သိမ်းရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာ ကြည့်ကြည့် မြန်မာ့သမိုင်းမှာပဲ ကြည့်ကြည့် ဇာတ်တူသားစားတဲ့၊ သူတပါး နောက်ကျောကို ဓားနဲ့ထိုးတဲ့ လူပုဂ္ဂိုလ်တိရစ္ဆာန်၊ အဖွဲ့အစည်းတွေဟာ ရေရှည်မခံဘဲ ကြမ္မာဆိုးတွေနဲ့ ကြုံကြိုက်ပျက်စီးကြရတာချည်းပါပဲ။

ဗုဒ္ဓစာပေထဲမှာလည်း သမုဒ္ဒရာထဲမှာရှိတဲ့ စိတ္တကုဋ်တောင်ကြီးရဲ့ ရွှေလှိုင်ဂူကြီးထဲမှာ ဓတရဋ္ဌမျိုးနွယ် ရွှေဟင်္သာကိုးသောင်းဟာ လှည်းဘီးပမာဏရှိတဲ့ ပင့်ကူကြီး ဂူပေါက်မှာပိတ်ဆို့ခံရတဲ့အခါ သိုမှီးထားတဲ့ အစာရေစာတွေကုန်ခမ်းတော့ ဟင်္သာဥတွေစား၊ နောက် ဟင်္သာငယ်နဲ့ ဟင်္သာအိုကြီးတွေကို စားသောက်လို့ ဇာတ်တူသားစားခဲ့ကြတာမို့ အင်အားနည်းပါးလာကြတော့ နောက်ဆုံး ပင်ကူမြှေးတွေကို ဖောက်ထွက်နိုင်အားမရှိဘဲ အသက်ဆုံးပါးပြီး ဟင်္သာကိုးသောင်း ဇာတ်သိမ်းခဲ့ကြရပါတယ်။

မြန်မာစစ်အာဏာရှင်သမိုင်းအဆက်ဆက်ကို လေ့လာကြည့်လိုက်ရင် မူလပထမ စစ်အာဏာလု ဓားပြနေဝင်းဆိုရင်လည်း သူ့ကိုခြေရာတိုင်းလာတဲ့သူ၊ သူ့အာဏာကိုခြိမ်းခြောက်နိုင်စွမ်း ရှိမယ်ထင်တဲ့သူဆိုရင် ဇာတ်တူသားစားရာမှာ သွေးအေးလက်ယဉ်လှပါတယ်။ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးချစ်မြိုင်၊ ဗိုလ်မှူးကြီးကြည်မောင်၊ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်မှူးချုပ်အောင်ရွှေ၊ စစ်ထောက်လှမ်းရေးအကြီးအကဲ မျက်မှန်တင်ဦးတို့ဟာ ဗိုလ်နေဝင်းရဲ့ ဇာတ်တူသားစားတာကို ခံခဲ့ရပါတယ်။

နောက်တခါ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားလာခဲ့တော့ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ ပြည်သူကို သတ်ဖြတ်ခဲ့ကြတဲ့ စစ်အာဏာလုဓားပြဂိုဏ်း နဝတ နအဖ လက်ထက်မှာလည်း ဇာတ်တူသားကို မြိန်မြိန်ကြီးစားခဲ့ကြပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်မျိုးညွှန့်၊ ရန်ကုန်မြို့တော်ဝင် ကိုလေး၊ ဗိုလ်မှူးချုပ်ထွန်းသန်း၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်စတဲ့ သူခိုးဓားပြအချင်းချင်းကို ဒုတိယစစ်အာဏာလု ဓားပြသန်းရွှေဟာ ဇာတ်တူသားစား၊ နောက်ကျောကို ဓားနဲ့ထိုးသွင်းခဲ့တာပါပဲ။

အခုနောက်ဆုံး တတိယစစ်အာဏာလုဓားပြမင်းအောင်လှိုင်လက်ထက်မှာလည်း ဆက်လက်ပြီး သူခိုးကြီးက သူခိုးလေးတွေကို ဇာတ်တူသားစားတဲ့ဓလေ့ကို ကျင့်သုံးခဲ့တာပါဘဲ။ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ ဒုဝန်ကြီး ညွန့်အောင်၊ မပခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်တို့ကို ဖြုတ်ထုတ်ထောင်ချခဲ့တာဟာ သမ္မတရူးမင်းအောင်လှိုင်နဲ့ သူခိုးကြီးအုပ်စုရဲ့ ဇာတ်တူသားစားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆင်တုံတရားမဲ့ပြီး ဉာဏ်ရည်နိမ့်သလောက် သီလယုတ်ညံ့တဲ့ မင်းအောင်လှိုင်လက်ထက်မှာ ကိုယ့်လူရဲ့ နောက်ကျောကို ဓားနဲ့တဆုံးထိုးသွင်းတာတွေလည်း တွေ့ကြရပါတယ်။ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုကို အကြောင်းပြပြီး မြန်မာစစ်အုပ်စုဟာ သူတို့ထက်ပိုခွန်အားကြီး တဲ့ ကွန်မြူနစ်မျက်နှာဖုံးစွပ် တရုတ်အာဏာရှင်ကို မျက်နှာလိုမျက်နှာရလုပ်ဖို့ ကိုးကန့်ဒေသလုပ်ငန်းရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မြီရှောက်ချန်းကို စစ်ဓားပြအုပ်စုက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က စစ်တပ်ကဝင် ရောက်ဖမ်းဆီးစဉ်မှာ မြီရှောက်ချန်းဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ပြီး သားဖြစ်သူ မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို ဖမ်းဆီးကာ တရုတ်ပြည်ကို ပြန်ပို့ခဲ့တာဟာ စစ်ဓားမြဂိုဏ်းရဲ့ သူ့နောက်လိုက် ဘယ်သူ့ကိုမဆို နောက်ကျောကနေ ဓားနဲ့ထိုး လုပ်ကြံနိုင်တယ်ဆိုတာ ညွှန်ပြနေပါတယ်။

ကိုးကန့်ဒေသရဲ့ သြဇာအကြီးဆုံး ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန်ရဲ့ သားလည်းဖြစ် ဒေသဆိုင်ရာပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ပယ်ရင်ချန်ကို စစ်ကောင်စီက ကျားဖြန့်သံသယမှု့နဲ့ နိုဝင်ဘာ ၁၆ ရက်မှာပဲ ဖမ်းဝရမ်း ထုတ်ခဲ့ပါသေးတယ်။ အွန်လိုင်းအခြေပြုလိမ်လည်မှု၊ လူကို သွေးဆောင်ဆွဲခေါ်မှု၊ လူပြန်ပေးမှု၊ တရားမဝင်ချုပ်နှောင်မှု၊ ခြောက်လှန့်တောင်းယူမှု စတဲ့အမှုတွေ ကျူးလွန်တယ်လို့ဆိုထားတာကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်ကောင်စီခန့် ဒေသဆိုင်ရာပြည်သူ့စစ်အဖွဲ့ထဲမှာ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေ အများအပြားပါဝင်နေတာကို  ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။

သစ္စာမဲ့ သိက္ခာမဲ့၊ ဆင်ခြင်ဉာဏ်မဲ့ သီလကောင်းမဲ့တဲ့ စစ်မိစ္ဆာ ဗိုလ်ချုပ်တွေနဲ့ ပေါင်းဖေါ်လုပ်စားကြသူတိုင်း (ပြည်သူ့စစ်၊ မဘသ၊ ကြံ့ဖွံ၊ ဝိသမစီးပွား‌ရေးသမားတွေ) ဟာ ဇာတ်တူသားစားတဲ့ စစ်ဘီလူးတွေရဲ့နောက်ကျောကနေ ဓားနဲ့ထိုးတာ၊ ကိုက်ဖြတ်စားသောက်တာကို တချိန်ချိန်မှာ ခံကြရမှာ မုချပါပဲ။

အခုနောက်ဆုံး စစ်ဓားပြဂိုဏ်းက ကျင့်သုံးလာတဲ့ ဓလေ့ဆိုးကတော့ စစ်အင်အား အကြီးအကျယ်ပြုန်းတီးလာတာမို့ သူတို့အာဏာလက်မလွှတ်ရ‌ရေးအတွက် သူတပါးအသက်ကို အသုံးချ ထိုးကျွေးလာတာပဲ ဖြစ်ပါတယ်။ ရှေ့တန်းရောက် စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေ တပ်ရင်းအလိုက် အလံဖြူထောင်အလင်းဝင်နေရတဲ့အချိန်မှာ Non CDM စစ်အစိုးရအောက်အမှုထမ်းဆဲ ဝန်ထမ်းတွေ စစ်မှုထမ်းရမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဆရာဝန်တွေကို စစ်ရာထူးချက်ချင်းပေးခန့်တာမျိုး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းဆင်းတွေ၊ UTC တက္ကသိုလ်အရန်တပ်ရင်းတက်ခဲ့ဖူးသူတွေကို စာရင်းပြုစုနေပါသတဲ့။

မိဘပြည်သူလူထုအပေါ် ကျေးဇူးကန်းတဲ့ မဟာအကုသိုလ်၊ ဇာတ်တူသားစားတဲ့ အကုသိုလ်အရှိန်‌တွေစတင် အကျိုးပေးလာတာမို့ စစ်အသိုက်အဝန်း တခုလုံးဟာ အခုဆို ဗျသနတရားပျက်စီးခြင်း (၅) ပါးနဲ့ ကြုံတွေ့ပြီး ဒုက္ခရောက်နေကြပြီဖြစ်ပါတယ်။

(၁) ဉာတိဗျသန = ဆွေမျိုးဉာတကာပျက်စီးခြင်း

(၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာပျက်စီးခြင်း

(၃) ရောဂဗျသန = အနာရောဂါဖြစ်ပျက်စီးခြင်း

(၄) ဒိဋ္ဌိဗျသန = မှားယွင်းသောမိစ္ဆာအယူနဲ့ပျက်စီးခြင်း

(၅) သီလဗျသန = သီလပျက်စီးခြင်း။

သောင်းဂဏန်းနဲ့ချီတဲ့ စစ်ဗိုလ် စစ်သား ဇနီးသားမယားတွေဟာ မုဆိုးမအိမ်ရာတွေပေါ် ရောက်ကုန်တာဟာ ဆွေမျိုးဉာတကာ ပျက်စီးခြင်းပဲဖြစ်ပါတယ်။ သူတို့ မတရားခိုးယူထားတဲ့ စည်းစိမ်ဥစ္စာတွေ ပြန်လည်ဆုံးရှုံးခြင်းဆိုတဲ့ပျက်စီးတာ၊ အနာရောဂါထူပြောတာ၊ အတွေးအခေါ် အယူအဆမှားယွင်းခဲ့ကြပြီး သီလပျက်စီးခြင်း‌တွေဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဗျသနတရား (၅) ပါးနဲ့ အလုံးစုံပျက်စီးခြင်း မဆိုက်ရောက်လာခင်မှာ ဇာတ်တူသားစားတဲ့ စစ်ဓားပြဂိုဏ်းရဲ့ ဗီဇညစ်မျိုး-ဓလေ့ဆိုးတွေဖြစ်တဲ့ နောက်ကျောကို ဓားနဲ့ထိုးတာ၊ အသုံးချထိုးကျွေးမခံရလေအောင် မိမိနဲ့ မိမိ မိသားစုအသက်ဘဝကို ကယ်တင်နိုင်အောင် စစ်အခွင့်ထူးခံစနစ် မြန်မာနိုင်ငံမှာ အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့၊ စစ်ဓားပြခေါင်းဆောင်တွေကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့ အရေးတကြီး လိုအပ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024