Home
မြန်မာသတင်း
မြစ်ကြီးနားတွင် စက်သုံးဆီ ပြတ်လပ်ပြီး ဆိုင်များပိတ်
DVB
·
November 20, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်သုံးဆီ ပြတ်လပ်လာပြီး အရောင်းဆိုင် အတော်များများ ပိတ်ထားကာ ဆိုင်တချို့ကတော့ အကန့်အသတ်နဲ့သာ စက်သုံးဆီရောင်းချနေကြောင်း မြို့ခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းက စတင်ကာ မြစ်ကြီးနားမြို့မှာရှိတဲ့ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်အတော်များများ ဆီပြတ်လပ်နေတဲ့အတွက် ရောင်းချမှုရပ်နားထားပြီး တချို့ဆိုင်အနည်းငယ်ကတော့ စက်သုံးဆီ လိုသလောက် ရောင်းချပေးနိုင်ခြင်းမရှိဘဲ အကန့်အသတ်နဲ့သာ ရောင်းချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်ကယ်နဲ့ ကုန်စိမ်းရောင်းချနေသူ အမျိုးသမီးတဦးက “မြို့ထဲမှာက ဆီဆိုင်အတော်များများ ပိတ်ထားပြီ။ တချို့ဆိုင်တွေကလည်း ဆိုင်မပိတ်ဘဲ ဆီထည့်မယ့်သူတွေကို ဆီမရှိကြောင်း လက်ခါပြနေတယ်။ ကျမ လှည့်ပတ်ပြီး ဆီလိုက်ထည့်ရတာ၊ အေးမြသာယာရပ်ကွက်ဘက်က ဆီဆိုင်မှာပဲ ဆီငါးထောင်ဖိုးပဲ ရခဲ့တယ်။ အဲဒီဆိုင်မှာလည်း ဆီထည့်သူတွေ တန်းစီနေတာပဲ”လို့ ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်မှု မရှိခင် နိုဝင်ဘာလဆန်းပိုင်းက မြစ်ကြီးနားမြို့မှာ  ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၂၁၀၀ လောက်နဲ့  95 တစ်လီတာ ကျပ်  ၂၃၀၀ လောက်သာ  ရှိခဲ့ကာ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ 92 တစ်လီတာ ကျပ်  ၃၀၀၀ နဲ့ 95တစ်လီတာ ကျပ်  ၃၃၀၀ နီးပါးရှိခဲ့ပြီး ဆိုင်အတော်များများမှာတော့ ဆီပြတ်လပ်နေတာပါ။

မြို့ခံ အမျိုးသားတယောက်က “ဆီဈေးကလည်း အဆမတန်တက်သွားတယ်။  နိုဝင်ဘာလလယ်လောက်မှာ  ဆီဈေးက တစ်ထောင်လောက်အထိကို ဈေးပိုမြင့်သွားတယ်။  လိုသလောက်လည်း မရဘူး။ မြို့ထဲ ပတ်ကြည့်တာ ဆီဆိုင် နှစ်ဆိုင်လောက်ပဲ ဖွင့်ထားတာ တွေ့တယ်။ အတော်များများက ဆီကုန်နေသည် ဆိုင်းဘုတ် ချိတ်ထားတယ်။ တချို့ဆိုင်တွေကျ  ဝန်ထမ်းတွေက ဆီမရှိကြောင်း လက်ခါပြတယ်”လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ကို အခုရက်ပိုင်းအတွင်း စက်သုံးဆီကား ဝင်ရောက်မှုမရှိနိုင်သေးတဲ့အတွက် လက်ကျန်ဆီကိုသာ အကန့်အသတ်နဲ့ရောင်းချပေးမှာဖြစ်တယ်လို့လည်း ဖွင့်လှစ်ရောင်းချပေးတဲ့ စက်သုံးဆီအရောင်းဆိုင်တွေဘက်က ပြောပါတယ်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဝန်ထမ်းတစ်ဦးက “ဒီရက်ပိုင်းတော့ စက်သုံးဆီကား ဝင်ဖို့ မရှိသေးဘူး။ ဆိုင်မှာ ကျန်တဲ့ လက်ကျန်ဆီ ရောင်းပေးနေရတာ။ ဆိုင်ကယ်တစ်စီးကို ကျပ် ၅၀၀၀ ဖိုးနဲ့ ကားတစ်စီးကို ကျပ် ၃၀၀၀၀ ဖိုးလောက်ပဲ ရောင်းပေးနိုင်တော့တယ်။ လက်ကျန်ဆီ ကုန်ရင်တော့ ဆီအရောင်း နားရတော့မှာပဲ” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ ရေနံထွက်ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၃၀ ကျော်ရှိပေမဲ့  အခုရက်ပိုင်းအတွင်း  ဆိုင်အတော်များများမှာ ဆီပြတ်လပ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024