ဗြိတိန်ပိုင်ပြီး ဂျပန်က ကြီးကြပ်ကွပ်ကဲနေတဲ့ ကုန်တင်သင်္ဘော တစင်းကို ယီမင်နိုင်ငံက ဟူသီသူပုန်တွေဟာ ပင်လယ်နီ တောင်ပိုင်းမှာ သိမ်းပိုက်ရမိခဲ့တယ်လို့ အစ္စရေးက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ နိုင်ငံတကာ ရေပိုင်နက်လုံခြုံရေးအတွက် အကျိုးဆက်တွေ ဖြစ်ပြီး အီရန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒ လုပ်ရပ်ဖြစ်ကြောင်း ပြနေတယ်လို့လည်း ပြောပါတယ်။
ယီမင်က ဟူသီအုပ်စုက တောင်ပိုင်းပင်လယ်နီ ဒေသထဲမှာ အစ္စရေးသင်္ဘော တစင်းကို သိမ်းပိုက် ခဲ့ပြီး ယီမင်ဆိပ်ကမ်းဆီ ခေါ်သွားပြီလို့ ပြောခဲ့ပါတယ်။
“ကျနော်တို့က သင်္ဘောအမှုထမ်းတွေကို အစ္စလာမ့်စံနှုန်းတွေ၊ တန်ဖိုးတွေနဲ့အညီ ဆက်ဆံနေပါတယ်" လို့ ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တဦးက ထုတ်ပြန်ချက်ထဲမှာ ပြော ထားပါတယ်။
အီရန်နဲ့ မဟာမိတ်အဖွဲ့ ဟူသီတွေဟာ အစ္စရေးက မပိုင်သလို အစ္စရေး အမှုထမ်းလည်း မပါတဲ့ သင်္ဘောတစ်စင်းကို ပင်လယ်နီထဲကနေ သိမ်းဆည်းခဲ့တယ်လို့ အစောပိုင်းမှာ အစ္စရေးက ပြောပါတယ်။
ဟူသီတွေဟာ အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲဖြစ်နေတဲ့ ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွတွေနဲ့ ပေါင်းပြီး တာဝေးပစ် ဒုံးကျည်တွေ ဒရုံးတွေနဲ့ အစ္စရေးနိုင်ငံဆီ ပစ်လွှတ်တိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က ဟူသီခေါင်းဆောင်က သူ့တပ်ဖွဲ့တွေဟာ အစ္စရေးကို နောက်ထပ် တိုက်ခိုက်သွားမယ်လို့ ပြောခဲ့ပြီး ပင်လယ်နီနဲ့ ဘဘ်ဘယ်လ် မန်းဒက်ဘ် ရေလက်ကြားက အစ္စရေး သင်္ဘောတွေကို ပစ်မှတ်ထားနိုင်တယ်လို့ ပြောခဲ့ပါတယ်။.
Source/Photo-Reuters